ဦးဘုန်းမော်ရွှေ ငွေကျပ် သိန်း၂ ထောင် ပြန်ပေး
2017.06.01

မကွေးတိုင်းဒေသကြီး ဝန်ကြီးဟောင်း ဦးဘုန်းမော်ရွှေက လက်ရှိတိုင်းအစိုးရကို ပြန်လည်ပေးသွင်းဖို့ ကတိပြုထား တဲ့ ဒေသဖွံဖြိုးရေးရန်ပုံငွေတွေထဲက ကျပ်သိန်းပေါင်း ၂ ထောင်ကို တတိယအကြိမ် ပေးသွင်းခဲ့ပြီး စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်း ပေးပြီးသွားပြီဖြစ်ပါတယ်။
မြန်မာစီးပွားရေးဘဏ်မှာ အစိုးရရဲ့ ရငွေစာရင်း ခေါင်းစဉ်နဲ့ ကျပ်သိန်း၂ ထောင် ထပ်ပေးတာကြောင့် ကျပ်သိန်းပေါင်းတစ်သောင်း ပြည့်သွားပြီလို့ မကွေးတိုင်းအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်က အခုလို ပြောပါတယ်။
"သူတို့ ပြန်ကြားစာမှာ ဦးဘုန်းမော်ရွှေကိုယ်စား တာဝန်လွှဲပေးထားတဲ့သူက မြန်မာ့စီးပွားရေးဘဏ်မှာ အစိုးရရဲ့ ရငွေရှိ ခေါင်းစဉ်မှာပဲ ကျပ်သိန်း ၂ ထောင်ထပ်ပေးတာဖြစ်တဲ့အတွက် ကျပ်သိန်းပေါင်း တစ်သောင်းပြီးသွားပါပြီ၊ ကြံံ့ခိုင်ရေးပါတီကို လှူဒါန်းခဲ့တဲ့ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းပိုင် ငွေကျပ် ၁.၇ ဘီလီယံရယ်၊ ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့တဲ့ ငွေကျပ် ၁.၇ ဘီလီယံကျော်တယ်ဆိုတော့ ကျနော်တို့ လက်ရှိအစိုးရအဖွဲ့ကို သူတို့ပေးရမှာက ၃ ဘီလီယံကျော်ပေးရမှာဖြစ်တဲ့အတွက် ကျန်ပါသေးတယ်၊ ဒါကိုတော့ သူတို့ရဲ့ပြန်စာမှာဖော်ပြထားတဲ့ နောက်ဆုံးရက်အထိ ကျနော်တို့ စောင့်ဆိုင်းရန်ပဲဖြစ်ပါတယ်"
အရင် မကွေးတိုင်းအစိုးရ လက်ထက်က ရေနံလက်ယက်တွင်း လုပ်ငန်းတွေကနေ ကောက်ခံထားတဲ့ ရန်ပုံငွေတွေ ထဲက အစိုးရသစ်ကို လွဲပြောင်းမပေးဘဲ ငွေချေးလုပ်ငန်းမှာ အသုံးပြုထားတယ်လို့ စစ်ဆေးပေါ်ပေါက်ချက်အရ ဒီငွေတွေကို တိုင်းအစိုးရသစ်လက်ထဲ ပြန်လည်ပေးအပ်ဖို့ ပြည်ထောင်စု အစိုးရက ဧပြီလ ၈ ရက်နေ့က အကြောင်းကြားထားတာပါ။
မကွေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထဲက ကြံ့ခိုင်ဖွံံဖြိုးရေးပါတီကို လှူဒါန်းခဲ့တဲ့ ငွေ ကျပ် ၁.၇ ဘီလီယံ နဲ့ ရွှေသုခ ချေးငွေလုပ်ငန်းကို လွှဲပေးထားတဲ့ ၁.၅၇ ဘီလီယံ စုစုပေါင်း ကျပ်ငွေ ၃ ဘီလီယံလောက်ကို ပြန် လည်ပေးရမှာဖြစ်ပါ တယ်။ ပျောက်ဆုံးနေတယ်လို့ တွေ့ရှိချက် ငွေက စုစုပေါင်းကျပ်ငွေ ၇ ဘီလီယံဖြစ်ပြီး ဦးဘုန်းမော်ရွှေက ၃ ဘီလီယံပေးရမှာ ဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ ငွေတွေကို ဇူလှိုင်လအတွင်း အကုန်ပြန်လည်ပေးအပ်ဖို့ သဘောတူထားတယ်လို့ သိရပါတယ်။