ကျေးရွာအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ မကျေနပ်တဲ့ ရွာသားတွေ ဆန္ဒပြ


2018.09.28
magwe-protest-622.jpg မကွေးမြို့နယ် ထုံးပေါက်တော (ဒဘောက်တော) မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာ မကျေနပ်တဲ့အတွက် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က ဆန္ဒပြကြစဉ်
ဓာတ်ပုံ - ဇော်တူး

ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ ကျေးရွာလူထုရဲ့ ဆန္ဒမဲနဲ့ မဟုတ်ဘဲ ကံစမ်းမဲလိပ်နှိုက်သလို မဲပေါက်တဲ့သူကို ရွေးချယ်ခဲ့တဲ့အတွက် မကျေနပ်တဲ့ ဒေသခံတွေက ဒီနေ့ မနက်ပိုင်းက မကွေးမြို့ ကန်သာအေးစေတီဘုရားအနီး ကနေ မြို့တော်ခန်းမအထိ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ကျေးရွာလူထုရဲ့ ဆန္ဒမဲမပါတဲ့အတွက် အခုလို ဆန္ဒပြကြရတာလို့ ဆန္ဒပြမှာပါဝင်တဲ့ ထုံးပေါက်တောရွာသူတစ်ဦးက အခုလို ပြောပါတယ်။

"အဲဒီကနေပြီးတော့ ကျမတို့ ဒီဘက်က ပြည်သူ့ဆန္ဒနဲ့ ပေးထားတဲ့ လူကိုကျတော့ အတည်ပြု ခန့်အပ်မပေးဘဲနဲ့ ပေါ့နော်၊ ၂၃ ရက် ၈ လမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ပြီးတော့ ကြီးကြပ်ရေးမှူးတွေရယ်၊ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးမှူးလောင်း နှစ်ယောက်ရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တခြားသက်ဆိုင်တဲ့လူတွေပေါ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖိတ်ထားတဲ့ လူတွေနဲ့ သူတို့လုပ်ပြီးတော့ မဲလိပ်နှိုက်ခဲ့တယ်ပြောပါတယ်။ မဲလိပ်နှိုက်တဲ့ ဥစ္စာက ဥပေဒေမှာ မဲလိပ်နှိုက်ပြီးရွေးချယ်ရတယ်ဆိုတာ မရှိပါဘူး၊ ကမ္ဘာမှာလည်း မရှိပါဘူး၊ အာရှမှာလည်း မရှိပါဘူး"

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က  ဒီဇင်ဘာလက မကွေးမြို့နယ် ထုံးပေါက်တော (ဒဘောက်တော) ကျေးရွာအုပ်စု ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ပေးခဲ့ရာမှာ အခုလို အငြင်းပွားမှုတွေနဲ့ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဆန္ဒပြသူတွေက  မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မဲလိပ်နှိုက်ရာမှာ ပါဝင်ကူညီခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို အလိုမရှိကြောင်းနဲ့ ကျေးရွာက မဲဆန္ဒပေးရွေးခဲ့တဲ့သူကို ပြန်လည်ခန့်ထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီနေ့ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့  မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို RFA ကသွားရောက် မေးမြန်းတဲ့အခါ အခုလို ရှင်းပြခဲ့ပါတယ်။

"ဒီနေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ ကျနော်တို့ ကြည့်လိုက်တော့ သူတို့က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲနှိုက်တာကို မဲနှိုက်တယ်ဆိုပြီးတော့ စွပ်စွဲတဲ့သဘောပေါ့၊ စွပ်စွဲတယ်၊ အဲဒါကြောင့်လည်း ဆန္ဒပြတယ်ပေါ့။ အမှန်တော့ ဒီရွေးချယ်ပွဲကြီးက မြို့နယ်အုပ်ချုပ်ရေးမှူးရော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒ လုံးဝမပါဘူး၊ ကျေးရွာအုပ်စု ကြီးကြပ်အဖွဲ့ဝင် ငါးဦးနဲ့ ကိုယ်စားလှယ်လောင်း နှစ်ဦးရဲ့ သဘော တူညီချက်နဲ့ မဲနှိုက်တဲ့ စနစ်ဖြစ်ပါတယ်။ ကျနော်တို့ မြို့နယ်ကိုတော့ ကြီးကြပ်ငါးဦးက ရွေးချယ်ပြီးစီး ကြောင်း တက်လာတဲ့အတွက် ကျနော်တို့က သတ်မှတ်ထားတဲ့ အချက်တွေနဲ့ စိစစ်ပြီးလို့ ပြည့်စုံတဲ့အတွက် အတည်ပြု ပေးလိုက်တာပါ"

အဲဒီကျေးရွာမှာ အကြိမ်ကြိမ် ရွေးချယ်ပွဲလုပ်ပေးခဲ့ပေမယ့်လည်း မပြီးပြတ်နိုင်တဲ့အတွက် အရွေးချယ်ခံထားရ သူတွေရော ကြီးကြပ်ရေးမှူးတွေ အပါဝင် အများသဘောဆန္ဒနဲ့ ကံစမ်းမဲနှိုက်ရွေးချယ်ပေးခဲ့တာလို့ ပြောပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေ မဖြစ်ရအောင် နောင်တစ်ချိန်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးဥပဒေမှာ ကြီးကြပ်ရေးမှူးတွေအတွက် စည်းကမ်းသတ်မှတ်ချက်တွေ ထည့်သွင်းပြီးဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ရေးဆွဲသွားစေလိုတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။