ဦးဝီရသူကို တရားဟောခွင့်ပေး ဖို့ လျှောက်ထားမှု မဟန ခွင့်မပြု
2017.11.13

ဆရာတော်ဦးဝီရသူကို တရားပြန်လည်ဟောခွင့်ပြုဖို့ လျှောက်ထားမှုကို ခွင့်မပြုကြောင်း လာမယ့်တစ်ပတ်အတွင်း တိုင်းသံဃမဟာနာယကအဖွဲ့ကတဆင့် အကြောင်းပြန်သွားမယ်လို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် က ဒီနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါး စုံညီအစည်းအဝေးမှာ ဆရာတော် ဦးဝီရသူကို တရားဟောခွင့်ပြုဖို့ လျှောက်ထားချက်အပေါ် အရင်အတိုင်းသာ ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းညွန့် ကပြောပါတယ်။
"သူ့ကိုယ်စားလျှောက်တဲ့ ဆရာတော်တွေ ဘွဲ့ကိုတော့ အလွတ်မရတော့ဘူးဗျ၊ ၂ ပါး လျှောက်ပါတယ်ဗျာ၊ သတိထားလိုက်မိတာကတော့ ရန်ကုန်ကထင်ပါတယ်ဗျ၊ ကျနော်တို့ ၁၁ ရက်နေ့မှာ ၄၇ ပါး အစည်းအဝေး ကနေပြီးတော့ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုရန်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်ဗျ"
ဆရာတော်ဦးဝီရသူကို တရားပြန်လည်ဟောခွင့်ပြုဖို့ သံဃာနှစ်ပါးက လျှေက်ထားလာတာဖြစ်တယ်လို့ ဦးထွန်းညွန့် ကပြောပါတယ်။
ဆရာတော်ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်ကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းမှာ ညွှန်ကြားစာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဆရာတော်ဦးဝီရသူက မဟနက တရားဟောခွင့် ပိတ်ပင်လိုက်ပြီးနောက် ပါးစပ်ကိုတိပ်နဲ့ကပ်ပြီး ဝစီပိတ်တရားပွဲ တွေကို မြို့ကြီးတချို့မှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါးစုံညီအစည်းအဝေးကို လေးလတစ်ကြိမ်ကျင်းပပြီး အဲဒီအစည်းအဝေးမှာ သံဃာအရေးကိစ္စတွေနဲ့ပတ်သက်ပြီး မဟနထံ တင်ပြလျှောက်ထားချက်တွေကို ဆွေးနွေးဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။