မဟာသန္တိသုခကျောင်းတိုက် ဆရာတော်များအရေး တရားရုံးမှာ စစ်ဆေးမည်


2014.06.19
mahatannithukha-monastry-305 မဟာသန္တိသုခကျောင်းပုံ
Photo: yatanavasatemple.ning.com

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်းတိုက်က ဗြိတိသျှ နိုင်ငံသား ဆရာတော် ဦးဥတ္တရ နဲ့ သံဃာ ၄ပါးအမှုနဲ့ပတ်သက်ပြီး  ရန်ကုန်မြို့သံဃာ့မဟာနာယက အဖွဲ့ရုံးမှာ ရန်ကုန်တိုင်း အစိုးရ၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နဲ့ ရန်ကုန် တိုင်း သံဃာ့နာယက ဆရာတော်တွေ ဒီနေ့ တွေ့ ဆုံဆွေးနွေးရာမှာ တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သံဃာ့မဟာနာယကအဖွဲ့ရုံးက အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး မကွေး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခက အခုလို မိန့်ပါတယ်။

"ရန်ကုန်တိုင်း အစိုးရဘက်ကလည်း အခြေအနေကောင်းတယ် မတင်းမာပါဘူး၊ တိုင်းသံဃာ့နာယက ဘက်ကလည်း အခြေအနေမတင်းမာဘူး ကောင်းတယ်၊ တကယ်တင်းမာနေတာက နိုင်ငံတော်သံဃာ့ နာယဆိုတော့လည်း အားလုံးမဟုတ်ဘူး၊ ၁၀ ပါးကကောင်းတယ်၊ ၅ ပါးကတင်းမာတယ် သ့ိုသော်လည်းပဲ အများဆန္ဒအတိုင်းပဲဆိုပြီးတော့တရားရုံးရဲ့ အမိန့်အတိုင်းပဲဆိုတော့ ဘုန်းကြီးတို့ဘက်က အခြေ အနေတော်တော်လေး ကောင်းသွားမယ်လို့ ဘုန်းကြီးယူဆပါတယ်"

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခ ကျောင်းတိုက်က ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးတို့ကို မနက်ဖြန်မှာ တာမွေမြို့နယ် တရားရုံးမှာ ဒုတိယကြိမ် ရုံးထုတ်စစ်ဆေး သွားမှာဖြစ်ပါတယ်။

မနက်ဖြန်တရားရုံးချိန်းမှာ အဲဒီ ဆရာတော် ၅ပါးကို လွှတ်မပေးဘဲ ဖမ်းဆီးဖို့အမိန့်ချခဲ့ရင် ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိရသူ၊ မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခ တို့က ဦးဆောင်ပြီး ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ အဲ့ဒီဆရာတော်ငါးပါးကို ရုံးထုတ်ပြီး အင်းစိန်အကျဉ်းထောင် မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး ရွှေညဝါဆရာတော် ဦးပညာသီဟကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းလျှောက် ထားချက်ကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။