အမျိုးသားရေးကျောင်း တည်ဆောက်ရေးကော်မတီဝင် ခုနှစ်ဦး တရားစွဲဆိုခံရ


2019.05.24
mahawthadar-school-622.jpg မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တည်ဆောက်နေတဲ့ ကျောင်းတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ အပါအဝင် ခုနှစ်ဦးကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ ၂ဝ၁၉ ခုနှစ် မေလ ၂၄ ရက်နေ့က စတင်စစ်ဆေးခဲ့စဉ်
Photo: Khaymani Win/RFA

အစိုးရခွင့်ပြုချက်မရှိဘဲ မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း တည်ဆောက်နေတဲ့ ကျောင်းတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ အပါအဝင် ခုနှစ်ဦးကို ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြေခွန်ဥပဒေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ကို ဆရာတော် ဦးဝီရသူ ဦးဆောင် တည်ထောင်တာဖြစ်ပြီး အစိုးရက ခွင့်ပြုချက်မပေးထားပါဘူး။

အဲဒီလို ဆောက်လုပ်ခဲ့တဲ့အတွက် ကျောင်းတည်ဆောက်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဦး၊ ဥက္ကဋ္ဌ (၁) ဗိုလ်မှူး သူရရွှေလှ၊ ဥက္ကဋ္ဌ (၂) ဦးမျိုးချစ်၊ ဥက္ကဋ္ဌ (၃) ဦးဇော်ဝိတ်၊ အတွင်းရေးမှူး (၁)  ဦးဖြူဝင်း၊ အရင် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ ကိုယ်ရေးအရာရှိဖြစ်တဲ့ ဗိုလ်မှူး အောင်ချမ်းမင်းနဲ့ အတွင်းရေးမှူး (၃) ဦးမျိုးမြင့်ဦးတို့ကို မြေနဲ့ မြေခွန်ဥပဒေပုဒ်မ ၆၉(၂) နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။

အမှုကို ဒီကနေ့ ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးခဲ့ပြီး တစ်ယောက်ကို ကျပ်သိန်း ၃၀ နဲ့ ကိုယ်တိုင် ခံဝန်ရရှိခဲ့ပါတယ်။

တရားစွဲခံရသူတွေဘက်က လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေ ကိုအောင်ရဲစိုး က ပြောပါတယ်။

"တိုင်တန်းချက်ကို ပလပ်ပေးဖို့ လျှောက်ထားခဲ့တယ်။ ပယ်ခံခဲ့ရတယ်၊ အချုပ်လွတ်ထုချေလို့ရတော့ ခံဝန်တွေနဲ့ ခွင့်ပြုတယ်။ စွဲဆိုခံထားရတဲ့ ခုနှစ်ယောက်မှာ နှစ်ယောက်ကဆင့်စာ အတည်မဖြစ်သေးတော့ ရုံးချိန်းတိုးပေးတယ်။ အမှုနဲ့ပတ်သတ်ပြီးတော့ တိတိကျကျသိဖို့ စွဲဆိုထားတဲ့ ဦးတိုက်လျှောက်လွှာတွေ တရားဝင် မိတ္တကူးဖို့ လျှောက်ခဲ့တယ်"

ဒီကနေ့ ရုံးချိန်းက ပထမဆုံးရုံးချိန်းဖြစ်ပြီး တရားလိုဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကတော့ လာရောက်ခြင်းမရှိခဲ့ဘူးလို့ တရားစွဲဆိုခံထားရတဲ့ ဦးဇော်ဝိတ်က ပြောပါတယ်။

"တရာလိုဖြစ်တဲ့သူက မလာပဲနဲ့ ခွင့်တင်ပါတယ်။အဲဒီလိုခွင့်တင်ခြင်းက ဦးတိုက်လျှောက်ထားတဲ့ အမှုတွေမှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၉ အရ လွှတ်ပေးရမယ့်ကိစ္စပါ။ ဒါပေမဲ့ ဥပဒေအရာရှိက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၄၇ အရ ဝန်ထမ်းမလာတဲ့အခါမှာ ခြွင်းချက်အနေနဲ့ လုပ်ဖို့ပြောပါတယ်။ ဒီအမှုက ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာပါ။ ပြည်သူတွေအားလုံး ပညာရေးအတွက် ဖွင့်လှစ်ထားတဲ့ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းပါ”

မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာ မြင့်ဦးက  အခုလို ပြောပါတယ်။

“ဒါက လူမှုရေးခေါ်တာပေါ့၊ နိုင်ငံရေးလည်း မပါပါဘူး။ လူမှုရေးတောင် ပညာရေးပေါ့၊ ချို့တဲ့တဲ့ ကလေးတွေအတွက်ဆိုတော့ တက်နိုင်သလောက် လုပ်ပေးမယ်ဆိုတဲ့ စေတနာနဲ့လုပ်ကြတာပေါ့၊ အခုကျတော့ မြေယာကလည်း လှူတဲ့သူရှိတယ်။ အကာအရံတွေလုပ်ပြီးမှ တက်နိုင်သလောက်ကြိုးစားတာ၊ ခွင့်ပြုမိန့်ရဖို့ကြိုးစားနေတာ၊ ဘာမှကို မစရသေးဘူး၊ မလုပ်ရသေးဘဲ ဒီအခြေနေရောက်လာတော့ စိတ်တော့မကောင်းဘူးပေါ့“

မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတည်ဆောက်ရေး ပန္နရိုက်အခမ်းအနားကို အခုနှစ် ဇန်နဝါရီလက ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာမှာ ဆရာတော် ဝီရသူ ဦးဆောင်ပြီး ကျင်းပခဲ့ပါတယ်။

အဲဒီလိုမကျင်းပခင်ကလည်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်တဲ့အတွက် ထွေအုပ်က တားမြစ်တာတွေ ရှိခဲ့ပေမယ့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ထံ ပေးစာဆိုပြီး ဆရာတော် ဦးဝီရသူက ရေးသားပေးပို့ခဲ့တာရှိပါတယ်။

ကျောင်းဆောက်လုပ်ခွင့်တင်ပေမယ့် အခုချိန်ထိ ခွင့်ပြုချက်မပေးတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဝန်ကြီး ဒေါက်တာ စိုးသန်းကို မေးမြန်းဖို့ RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကျောင်းဆောက်လုပ်ခွင့်တင်ပေမယ့် အခုချိန်ထိ ခွင့်ပြုချက်မပေးတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဝန်ကြီး ဒေါက်တာ စိုးသန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ.... အစိုးရပိုင်မြေပေါ်မှာ ခွင့်ပြုချက်မရှိဘဲလုပ်ရင် တရားဥပဒေအရ ရင်ဆိုင်ရမှာဖြစ်ကြောင်း ပြောပါတယ်။ ခွင့်မပြုရတဲ့အကြောင်းရင်းကိုတော့ အတိအကျဖြေကြားတာ မရှိပါဘူး။

အဲဒီကျောင်းကို မြေ ခြောက်ဧက အသုံးပြုတည်ဆောက်နေတာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ ကျပ်သိန်းပေါင်း လေးထောင်ကျော် လျာထားကာ စုပေါင်းအလှူရှင်တွေရဲ့ အလှူငွေနဲ့ တည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။