မလှိုင်မြို့နယ်အခွန်ရုံး ဗုံးကွဲပြီးနောက် မြို့ခံ ၁၄ ဦးဖမ်းဆီးခံရ
မန္တလေးတိုင်း မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အခွန်ရုံးကို ဒီဇင်ဘာလ ၁ ရက်နေ့က လက်လုပ်ဗုံးနဲ့ တိုက်ခိုက် ခံရပြီး နောက်တစ်ရက်မှာ မြို့ခံ ၁၄ ဦးဖမ်းဆီးခံလိုက်ရတယ်လို့ မလှိုင်ဒေသခံတစ်ချို့က RFA ကို ဒီနေ့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်တဲ့ ကလေး လေးဦးနဲ့ မသန်စွမ်းတစ်ဦး ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလှိုင်ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီဇင်ဘာလ ၁ ရက်နေ့မှာ မလှိုင်မြို့နယ်က အခွန်ရုံး လက်လုပ်ဗုံးနဲ့ အပစ်ခံရတယ်။ နောက်ရက်ကျတော့ ညပိုင်းမှာ ဆီဆိုင်မင်းဆိုတဲ့ ဆီဆိုင်က အလုပ်သမားတွေ မိသားစုဝင်တွေရော အကုန်လုံး ၁၄ ယောက် အဖမ်းခံရတယ်။ ကလေး လေးယောက် ပါတယ်။ မသန်စွမ်းကလေး တစ်ယောက်ပါတယ်။ စစ်တပ်က လောလောဆယ် ဆီဆိုင်ကို ပိတ်ပြီးတော့ သူတို့ တပ်စွဲထားတယ်။ အခုချိန်ထိတော့ တစ်ယောက်မှ ပြန်လွတ်လာတယ်လို့ မကြားမိသေးဘူး"
ဗုံးကွဲမှုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီ တပ်သားတွေက ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ် ခံထားရတဲ့ NLD ပါတီရဲ့ မလှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းရဲ့ နေအိမ်ကို ဦးစွာ ရှာဖွေခဲ့ပြီးနောက် တူတော်စပ်ပိုင်ဆိုင်တဲ့ ဆီဆိုင်ကို ဆက်လက်ရှာဖွေခဲ့တာလို့ ဆိုပါတယ်။
အဲဒီဆီဆိုင်မှာ လက်ပစ်ဗုံးတစ်လုံး တွေ့ရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆိုင်ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ ဖြစ်ပြီးတော့ ဆီဆိုင်ကိုလည်း ချိတ်ပိတ်ပြီး နိုင်ငံပိုင်အဖြစ် သိမ်းဆည်းမယ်လို့ ကြားသိရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့က တိုက်ခိုက်ခံရတဲ့ မလှိုင် အခွန်ရုံးမှာ မျက်နှာကြက်တွေ ပြိုကျခဲ့ပေမယ့် လူထိခိုက်မှု မရှိကြောင်း၊ လက်ရှိမှာတော့ အခွန်ရုံးကို ဆက်ဖွင့်ထားပြီး စစ်တပ်က လုံခြုံရေးပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း မလှိုင်မြို့နယ်၊ ကျောက်တန်း ကျေးရွာအုပ်စု၊ ညောင်မြစ်ရွာအနီးက တောတွင်း တစ်နေရာမှာ ဒေသခံကာကွယ်ရေး တပ်စခန်းတစ်ခု ရှိတယ်ဆိုပြီး စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာမှာ လက်လုပ်သေနတ်တချို့နဲ့ စားနပ်ရိက္ခာတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန် ခဲ့ပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း မလှိုင်မြို့နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းဟာ မြို့နယ် ထွေ/အုပ်ရုံးနားက မုန့်ဟင်းခါးဆိုင်မှာ ထိုင်နေစဉ် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသလို သူနဲ့အတူ ရှိနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးကတော့ သေနတ်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။