အစိုးရက ကားပါမစ်ချပေးတဲ့ကိစ္စ KNU ရှင်းလင်း

အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့စည်းတွေကို အစိုးရက ကားပါမစ်တွေချပေးတာနဲ့ ပတ်သက်ပြီး အပြင်လောကမှာပြောနေတဲ့ အရေအတွက်ဟာ တကယ်ရရှိတဲ့ အရေအတွက်ထက် ပိုများနေတယ်လို့ KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင် က ပြောပါတယ်။
ရန်ကုန်မြို့ Business Alliance Hotel မှာ ပဒို မန်းငြိမ်းမောင်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောခဲ့တာပါ။ အစိုးရကအဖွဲ့စည်း ၁၄ ဖွဲ့ကို ကားတင်သွင်းခွင့်ပါမစ်ချပေးခဲ့ရာမှာ အစီးရေ ၂၉၀ သာ အခွန်ကင်းလွတ်ခွင့်ရပြီး၊ အစီးရေ ၅၈၀ အတွက် ၆၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရတာဖြစ်တယ်လို့ အခုလို ပြောပါတယ်။
"ကျနော်တို့ ကရင်ဆိုရင်ဗျာ အစီး ၄ဝ က အခွန်လွတ်၊ အစီး ၈၀ က ၆၀ ရာခိုင်နှုန်းလောက် အခွန်ဆောင်ရတယ်၊ ဥပမာ RCSS ဆိုရင် အစီး ၂ဝ က အခွန်လွတ်၊ ၄ဝ က အခွန်ဆောင်၊ အဲဒီ ၁၄ ဖွဲ့ကို နိုင်ငံတော်အစိုးရကပေးတာ အခွန်လွတ်က ၂၉၀ ရှိပါတယ်၊ ၆၀ ရာခိုင်နှုန်း အခွန်ဆောင်ရတာ ၅၈၀ ရှိတယ်၊ အဲဒါကျနော်တို့ အခြေအနေမှန်ကို သိစေချင်လို့ပါ၊ ဒါတိုင်းရင်းသားတွေဘက်က ကိုယ်စားပြုပြီးပြောတာဖြစ်တယ်"
ကေအဲန်ယူအဖွဲ့အနေနဲ့ သူတို့ရရှိတဲ့ ကားတင်သွင်းခွင့်ကိုလည်း အဖွဲ့အစည်းရပ်တည်ဖို့ အဆင်ပြေတဲ့နေရာမှာ အသုံးပြုတာဖြစ်တယ်လို့ ပြောပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရရှိတဲ့ ကား အစီးအရေအတွက် ထောင်ကျော်ရှိနေကြောင်း ဂျာနယ်တွေမှာ ရေးသားဖေါ်ပြနေကြတာတွေ ရှိနေတယ်လို့ ပဒို မန်းငြိမ်းမောင်က ပြောပါတယ်။
တိုင်းရင်းသား အဖွဲ့အစည်းတွေအတွက် လတ်တလောလိုအပ်ချက်တွေဟာ အခုရရှိနေတာနဲ့တင် မလုံလောက်သေးကြောင်းလည်း သူကပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။