ညီလာခံကိုယ်စားလှယ်တွေကို ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ကြိုဆို
2016.07.25

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေက ကိုယ်စားလှယ်တွေကို ကချင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က တရုတ်မြန်မာနယ်စပ်ကနေ ကြိုဆိုရေးဌာနတွေဖွင့်ပြီး ကြိုဆိုနေတယ်လို့ သိရပါတယ်။
တရုတ်မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ်ရာ မိုင်ဂျာယန်မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အစည်းအဝေးကို လာရောက်တက်မယ့် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေကို မူဆယ်မြို့ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့တွေကနေ ကြိုဆိုနေတဲ့အကြောင်း ကြိုဆိုရေးအဖွဲ့ဝင် ဗိုလ်မှူး ရှန်လွန်းက ပြောပြပါတယ်။
"ကြိုပြီးတော့ လက်မှတ်တွေလုပ်ပေးပြီးတော့ ရွှေလီဘက်ကို ပို့လိုက် ထမင်းဆိုင် ထမင်းကျွေးတာပဲ။ ဒီနေ့ကတော့ မများသေးဘူး ၁၇ ယောက်ပဲရောက်သေးတယ် ABSDF ကပါတယ်။ နောက် ALP ပါတယ် နောက်ပီးတော့ CNF ပါတယ်။ အဲဒီ ၃ဖွဲ့ပါပဲ ညနေပိုင်း ၄ နာရီလောက်ဆိုရင်တော့ လူအများကြီးရောက်မယ် ။လာတာက လမ်းကြောက အများကြီးပါ လွယ်ကျယ်လမ်းကနေ လာတယ် မူဆယ်လမ်းကနေ လာတယ် ကူမင်းလမ်းကနေ လာတယ်။ အားလုံးကိုတော့ ကြိုပါတယ်"
လွယ်ကျယ်မြို့မှာလည်း အလားတူ စခန်းဖွင့်ပြီး ကြိုဆိုနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ဗန်းမော် လွယ်ကျယ်လမ်းကြောင်းနဲ့ လားရှိုး၊ မူဆယ်၊ ရွှေလီ လမ်းကြောင်း ၂ ခုနဲ့ သွားရတာဖြစ်ပါတယ်။
အစည်းအဝေးက ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဖြစ်ပြီး ကြိုဆိုရေး လုပ်ငန်းတွေကို ဇူလိုင် ၂၃ ကနေ ၂၅ ရက်နေ့အထိ ပြုလုပ်တာဖြစ်ပါတယ်။