အာဏာသိမ်းဖို့ အစီအစဉ် မရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

တပ်မတော်အနေနဲ့ အာဏာသိမ်းဖို့ အစီအစဉ်လည်းမရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ လုပ်ဆောင်ရ မှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ဗိုလ်ချုပ်မှူးကြီး နဲ့ ပြည်တွင်းမီဒီယာတချို့ တွေ့ဆုံရာမှာ ပြောသွားတာပါ။
"အာဏာသိမ်းတာမျိုးကို မလိုလားပါဘူး၊ အဲ့ဒါကျနော့်ရဲ့ တကယ်ဆန္ဒပါ၊ ကျနော်ကိုယ်တိုင် မကြိုက်တာပါ၊ တပ်မတော်ဆိုတာ စည်းကမ်းကိုအခြေခံပြီးလုပ်ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်၊ ဒါကြောင့် စည်းကမ်းနဲ့သွားဖို့ လိုလားပါတယ်၊ ဒါကြောင့် တစ်ဘက်ကပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာရှိပါတယ်၊ ဒီပြဌာန်းတဲ့အတိုင်းသွားပါမယ်၊ ဒီဟာကိုကျော်လို့မရပါဘူး"
ဒါ့အပြင် လတ်တလောဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း အားလုံးက မြန်မာဆိုတဲ့စိတ်နဲ့ ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဥပဒေအရ အခွင့်အရေးတွေ ပေးထားသလို ဆွေးနွေးလို့လည်းရပေမယ့် တချို့က ထင်မြင်ချက် နဲ့ လုပ်နေကြတာကြောင့် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေကြောင်း၊ မြန်မာပြည်ကိုချစ်တဲ့စိတ်နဲ့ လုပ်ကြစေလိုကြောင်း သူကတိုက်တွန်းသွားပါတယ်။
လတ်တလော အစိုးရဝန်ကြီးဌာနတွေကို တပ်မတော်ကအရာရှိတွေ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတာနဲ့ ပတ်သက်လို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အစိုးရလိုအပ်ချက်၊ ကာယကံရှင်ရဲ့ သဘောဆန္ဒအရ ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြောင်းရွှေ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။