ကုလညီလာခံမှာ မြန်မာပြည်သူတွေနဲ့ တစ်သွေးတည်း ရပ်တည်ပြောဆိုမယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးပြော

2022.09.19
ကုလညီလာခံမှာ မြန်မာပြည်သူတွေနဲ့ တစ်သွေးတည်း ရပ်တည်ပြောဆိုမယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးပြော မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာတို့ကို မလေးရှားနိုင်ငံမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

အခုကျင်းပနေတဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ၊ မလေးရှားနိုင်ငံ အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ သွေးစည်းညီညွတ်ပြီး ရပ်တည်ပြောဆိုသွားမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက သူ့ဖေ့စ်ဘွတ်ကနေတဆင့် စနေနေ့က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ NUG အစိုးရရဲ့ ဒု-နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ၊ NUCC ကိုယ်စားလှယ်၊ NUG က ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်တို့နဲ့ တွေ့ဆုံမယ်လို့ပြောပါတယ်။

မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတဲ့ အဖွဲ့တွေဆီကနေ လက်ရှိ အခြေအနေ နားထောင်မှာ ဖြစ်သလို၊ ရှေ့မှာဘာတွေဆက်လုပ်မလဲ၊ မလေးရှားက ဘယ်လိုကူညီရမလဲ ဆိုတာကိုလည်း ဆွေးနွေးမယ်လို့ ဝန်ကြီး ဆိုင်ဖူဒင်က ဆိုပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာတော့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဌာနရဲ့ အဆင့်မြင့် ကိုယ်စားလှယ်နဲ့ တွေ့ပြီး မြန်မာ့အရေး ဆွေးနွေးမှာဖြစ်သလို ၂၁ ရက်နေ့မှာတော့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်နဲ့တွေ့ပြီး ရိုဟင်ဂျာ အရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အာဆီယံအရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့က ဆောင်ရွက်နေတဲ့ မြန်မာပြည် အတွက် လူသားချင်း စာနာမှု အကူအညီတွေရဲ့ လက်ရှိအခြေအနေ ပြန်သုံးသပ်ဖို့ကိုလည်း မလေးရှားက အဆိုပြုမယ်လို့ပြောပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂနဲ့ အာဆီယံ အစည်းအဝေးမှာတော့ အာဆီယံနဲ့ မြန်မာ စစ်ကောင်စီတို့ရဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ တကယ် အလုပ်ဖြစ်၊ မဖြစ် လေးလေးနက်နက် ပြန်သုံးသပ်ဖို့နဲ့ နောက်ထပ် အစီအစဉ်တစ်ခုနဲ့ အစားထိုးသင့်၊ မသင့်ဆိုတာ ဆုံးဖြတ်ဖို့ အာဆီယံကို တိုက်တွန်းမယ်လို့ဆိုပါတယ်။ ဒီအတွက် အာဆီယံ အတွင်းရေးမှူးအဖွဲ့နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက လိုအပ်ချက်တွေ ပြင်ဆင်ထားသင့်ပြီ ဖြစ်သလို ဒီလိုပြင်ဆင်ထားမှ နိုင်ငံအလိုက်ခေါင်းဆောင်တွေက နိုဝင်ဘာ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ သိထားမယ်လို့ဆိုပါတယ်။

အဲဒီအပြင် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားမှာ ရောက်နေတဲ့ ရိုဟင်ဂျာကလေးတွေရဲ့ ပညာရေးရံပုံငွေ လိုအပ်ချက်နဲ့ သူတို့ကိစ္စတွေကိုလဲ အထူး အလေးပေး ဆွေးနွေးမယ်လို့ ဝန်ကြီးဆိုင်ဖူဒင်က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။