လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး မြန်မာ၂၉ ဦးကို မလေးရှားရဲဖမ်းဆီး

RFA Burmese
2024.08.23
လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး မြန်မာ၂၉ ဦးကို မလေးရှားရဲဖမ်းဆီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့်ကို တွေ့ရစဉ်။
Jabatan Imigresen Malaysia

မလေးရှားနိုင်ငံ Klang Valley မြို့က တိုက်ခန်းလေးခုကို မလေးရှားရဲတွေက ဩဂုတ် ၂၂ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ မြန်မာနိုင်ငံသား အေးဂျင့် ငါးဦးနဲ့ မှောင်ခိုကူးခံရသူ မြန်မာ ၂၄ ဦး စုစုပေါင်း ၂၉ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ Bernama သတင်းက ဖော်ပြပါတယ်။

မှောင်ခိုကူးခံရသူတွေထဲမှာ အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး နှစ်ဦး ပါဝင်ပြီး အသက် ၁၈ နှစ်ကနေ ၃၆ နှစ်ကြား ရှိပြီး သူတို့ဟာ ဒီတိုက်ခန်းတွေမှာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ထဲက ရောက်နေကြတာလို့ လည်း ဆိုပါတယ်။

သူတို့ဟာ အရှေ့ကမ်းကနေ ကုန်းတွင်းက ခိုးဝင်လာကြတာဖြစ်ပြီး တစ်ဦးကို မလေးရှား ငွေ RM နှစ်ထောင်နဲ့ သုံးထောင်ကြား ပွဲစားကို ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ပွဲစားငါးဦးကတော့ အသက် ၂၇ နှစ်ကနေ ၃၀ ကြားရှိသူတွေဖြစ်ကြပြီး လွန်ခဲ့တဲ့ သုံးလထဲက မြန်မာနိုင်ငံသားတွေကို မှောင်ခိုသွင်းလာခဲ့တာ တွေ့ရှိရတယ်လို့ဆိုပါတယ်။

ဒီပွဲစားအားလုံးကို ရွှေ့ပြောင်းလူမှောင်ခိုကူးမှု ပုဒ်မနဲ့ စုံစမ်းစစ်ဆေးနေပြီး မှောင်ခိုကူးခံရသူတွေကိုတော့ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မနဲ့ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။