မလေးရှားကို တရားမဝင်ဝင်ရောက်မှုနဲ့ မြန်မာ ၃၃ ဦး ဖမ်းဆီးခံရ
2024.08.17

မလေးရှားနိုင်ငံကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ မြန်မာနိုင်ငံသား ၃၃ ဦးအပါအဝင် နိုင်ငံခြားသား ၂၅၀ ခန့်ကို လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မလေးရှားသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။
ဂျိုဟိုးဘာရူမြို့က BSI နဲ့ KSAB လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ နှစ်ရက်တာ စစ်ဆင်ရေးအတွင်း ဒီလူတွေကို ဖမ်းဆီးခဲ့တာလို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးအရာရှိက ပြောပါတယ်။
BSI ရုံးမှာ ဩဂုတ်လ ၁၄ ရက်နေ့က နိုင်ငံပေါင်း ၁၇ နိုင်ငံက နိုင်ငံခြားသား ၁၆၉ ဦးနဲ့ ဒေသခံ ၁၉ ဦးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပုဒ်မနဲ့ ဖမ်းဆီးခဲ့ပြီး ၁၅ ရက်နေ့မှာ KSAB ရုံးမှာ စင်ကာပူ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ အီတလီစတဲ့ နိုင်ငံတွေက နိုင်ငံခြားသား ၈၀ ဦး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အခြား ၈၈ ဦးကိုလည်း ဒဏ်ငွေတွေ ချမှတ်ခဲ့ပါတယ်။
BSI စစ်ဆင်ရေးမှာ အင်ဒိုနီးရှားနိုင်ငံသား ၄၃ ဦး၊ မြန်မာနိုင်ငံသား ၃၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၂၂ ဦး၊ ပါကစ္စတန် ၁၈ ဦး၊ စင်ကာပူနိုင်ငံသား ၁၄ ဦးနဲ့ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ နီပေါ၊ အီဂျစ်၊ ကိုရီးယား၊ အီရန်၊ ဆီးရီးယား၊ နိုင်ဂျီးရီးယားနှင့် အယ်လ်ဂျီးရီးယားတို့က ဝင်ရောက်လာသူတွေကို ဖမ်းဆီးမိခဲ့တာလို့ လူဝင်မှုကြီးကြပ်ရေးအရာရှိက ပြောပါတယ်။
အဖမ်းခံရသူတွေဟာ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၆ (၁) (ဂ) အရ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခြင်းအပါအဝင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပုဒ်မတွေနဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။