မလေးရှားမှာ ရန်ပြုခံခဲ့ရသူတွေ အမှုဖွင့်
2017.10.21
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့က ကွာလာလမ်ပူ စီးတီးစင်တာ KLCC မှာ မနေ့က ရန်ပြုခံခဲ့ရတဲ့ သံဃာ ၂ ပါးနဲ့ မေတ္တာနန္ဒပရဟိတအဖွဲ့ ဒုဥက္ကဌတို့က ကွာလာလမ်ပူမြို့ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စအပေါ် မကျေနပ်တဲ့အကြောင်းပြောပြီး ရန်လုပ်တာဖြစ်တယ် လို့ မေတ္တာနန္ဒပရဟိတအဖွဲ့ ဥက္ကဌ ဦးဗိုလ်ဗိုလ်အောင်က ပြောပါတယ်။
"မင်းတို့မြန်မာက ဘုန်းကြီးတွေ၊ စစ်တပ်တွေက ရိုဟင်ဂျာတွေကို ဘာဖြစ်လို့ သတ်တာလဲပေါ့နော်။ အဲ့ဒါတွေ သူတို့မကျေနပ်ဘူးပေါ့နော်။ ဘုန်းကြီးတွေက ၁၇ ရက်နေ့မှာ မြန်မာပြည်က ကြွလာတာ။ မလေးစကားလည်း သူတို့နားမလည်ဘူး။ နားမလည်တော့ ကိုအောင်ကနေ ရှင်းပြတယ်။ သူတို့ လာပြီးတော့လည်တာပါ။ သူတို့နဲ့မဆိုင်ဘူး။ တကယ်လို့ မင်းသိချင်ရင် ငါနဲ့ပဲပြောပါဆိုပြီးတော့ ရှင်းတယ်။ ရှင်းတဲ့အခါမှာတော့ သူတို့က ဘယ်လိုဖြစ်သလဲဆိုတော့ အဲဒီကိစ္စကို မကျေနပ်ဘူး။ မကျေနပ်တော့ ထိုးမယ်ပေါ့။ ကိုအောင်က အထိုးခံတယ်။ ကိုအောင့်ကို ၆ ယောက်၊ ၇ ယောက်လောက် ဝိုင်းထိုးတယ်။ ထိုးလည်းထိုးရော ကိုအောင် လဲသွားတဲ့အချိန်မှာ ဘုန်းကြီးတွေကိုပါ လိုက်ထိုးတယ်။ ဘုန်းကြီးတွေကို လိုက်ထိုးတဲ့အခါမှာ ဘုန်းကြီးအကြီးက နောက်ဆုတ်ရှောင် လိုက်တော့ ခြုံပုတ်ထဲကို ကျသွားတယ်။ အငယ်တစ်ပါးကတော့ ဘယ်ဘက်ပါးစောင်ကို တစ်ချက်ထိုးမိသွားတယ်။ သံရုံးက လိုက်လာပါတယ်။ လိုက်လာပြီးတော့ KLCC မှာပဲ တစ်ခါတည်း Security ရှိတယ်။ အဲဒီမှာလည်း တိုင်ချက်ဖွင့်တယ်။ တာဝန်ယူတဲ့စခန်းမှာလည်း တိုင်ချက်ဖွင့်တယ်။ မြို့နယ်အပိုင်က စခန်းမှာလည်း တိုင်ချက်ဖွင့်တယ်"
အဲဒီ သံဃာ ၂ ပါးဟာ မေတ္တာနန္ဒပရဟိတအဖွဲ့က ပြုလုပ်တဲ့ ကထိန်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားတဲ့အတွက် မလေးရှားနိုင်ငံကို အောက်တိုဘာ ၁၉ ရက်နေ့က ရောက်ရှိလာတာဖြစ်ပါတယ်။
မနေ့က မေတ္တာနန္ဒပရဟိတအဖွဲ့ ဒုဥက္ကဌ ကိုအောင်က KLCC ကို လိုက်ပို့တဲ့အခါမှာ မလေးနိုင်ငံသား ၇ ယောက်လောက်က ရန်ရှာခဲ့တာလို့ သိရပါတယ်။
မလေးရှားနိုင်ငံမှာ သံဃာတော်တွေ ရန်လုပ်ခံရတာဟာ ပထမဆုံးဖြစ်ရပ်လို့လည်း ပြောပါတယ်။
သြဂုတ်လအတွင်းကလည်း မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲမှာ မြန်မာနိုင်ငံသားတချို့ အရိုက်ခံရတာ၊ လုယက်ခံရတာတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မလေးရှားနိုင်ငံအတွင်းမှာ သတိပြုသွားလာကြဖို့ မြန်မာသံရုံးကနေ အသိပေးကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။