မလေးရှားဝန်ကြီးချုပ်ကို ရန်ကုန်မြို့မှာ ကန့်ကွက်ဆန္ဒပြ
2016.12.04

အမျိုးသားရေးလှုပ်ရှားနေတဲ့ ရဟန်းသံဃာနဲ့ လူ ၁၀၀ လောက်က မလေးရှားနိုင်ငံက ဆန္ဒပြပွဲမှာ ပါဝင်တဲ့ မလေးရှားဝန်ကြီးချုပ်ကို မြန်မာနိုင်ငံအရေးမှာ ဝင်ရောက်စွက်ဖက်တာတွေ ရပ်တန့်ဖို့ ရန်ကုန်မြို့ မြို့တော်ခန်း မရှေ့မှာ ဒီနေ့ ဆန္ဒပြကြပါတယ်။
မလေးရှားဝန်ကြီးချုပ် အနေနဲ့ မြန်မာနိုင်ငံ အရေးကိစ္စတွေမှာ ဝင်ရောက်နှောင့်ယှက်နေတာ ရပ်တန့်ဖို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနဲ့ မြန်မာနိုင်ငံအလံကို မဖွယ်မရာပြုလုပ်စော်ကားတာတေွကို ရပ်တန့်ဖို့ စတာတွေကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး မျိုးချစ်မြန်မာ ရဟန်းသံဃာတော်များ သမဂ္ဂနဲ့ အမျိုးသားရေး လှုပ်ရှားနေတဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ပါတယ်။
ဒီနေ့ မလေးရှားနိုင်ငံမှာ မလေးရှားဝန်ကြီးချုပ် ပါဝင်ဆန္ဒပြတာဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် မှုတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်နေတဲ့ အစိုးရကို ဖိအားပေးတဲ့သဘော သက်ရောက်နေတာကြောင့် တုန့်ပြန်တဲ့အနေနဲ့ ဆန္ဒပြတာ ဖြစ်တယ်လို့ မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ဆန္ဒပြပွဲမှာ မိန့်ကြားပါတယ်။
ဆန္ဒပြပွဲမှာ မလေးရှားဝန်ကြီးချုပ်ကို ကန့်ကွက်ရှုံ့ချတဲ့ စာသားတွေပါတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ပါတယ်။