ရခိုင်ပဋိပက္ခ ဒေါ်အောင်ဆန်း စုကြည် ဖြေရှင်းဖို့ မလေးရှားဝန်ကြီးချုပ် တောင်းဆို


2016.12.04
malaysia-pm-rohingya-protest-620 ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီဇင်ဘာ ၄ ရက်နေ့က မလေးရှားဝန်ကြီးချုပ် ပါဝင်ဆန္ဒပြစဉ်
Photo: Najib Razak's Facbook

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတာတွေ လုံးဝရပ်တန့်ဖို့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တားဆီးဖြေရှင်းပေးရမှာဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက် က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး ကွာလာလမ်ပူမြို့တော်မှာ မနေ့က လူတစ်သောင်းဝန်းကျင် ပါဝင်တဲ့ ဆန္ဒပြပွဲမှာ မလေးရှား ဝန်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရခဲ့တဲ့အတွက် ဘာများ အကျိုးရှိပါသလဲ၊ ရခိုင်ပြည်နယ်က လူမျိုးတုံးသတ်ဖြတ်နေတဲ့ကိစ္စ ရပ်တန်းကရပ်ပါတော့လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုပါတယ်၊ ကုလသမဂ္ဂ အနေနဲ့ တစ်ခုခုဆောင်ရွက်ပေးပါ၊ တစ်ကမ္ဘာလုံံးကလည်း အဲဒီမျိုးုဖြုတ်လူသတ်ပွဲကို ထိုင်ကြည့်မနေကြပါနဲ့၊ မိမိတို့ အနေနဲ့လည်း မွတ်စလင်တွေနဲ့ အစ္စလာမ်ကို ကာကွယ်ရမှာဖြစ်တယ်၊ ကာကွယ်သွားမယ်လို့ ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ဆန္ဒပြလူထုကို ပြောကြားခဲ့ပါတယ်။

မလေးရှား အစိုးရ ဝန်ကြီးတစ်ဦးကလည်း အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ပါဝင်မှုအပေါ် ပြန်လည်သုံးသပ် သင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

အလားတူ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကလည်း ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး မလေးရှား အနေနဲ့ မြန်မာနဲ့ သံတမန်အဆက်အသွယ်ဖြတ်သင့်တယ်လို့ သူ့ရဲ့ DAP ပါတီ ညီလာခံမှာ ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် မိမိအနေနဲ့ အစိုရအဖွဲ့ဝင်မဟုတ်လို့ လမ်းပေါ်ဆန္ဒပြပွဲတွေမှာ ပါဝင်နိုင်ပေမယ့် လက်ရှိ အစိုးရ ဝန်ကြီးချုပ်အနေနဲ့ မပါဝင်သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူတွေကတော့ ငွေကြေးအရှုပ်တော်ပုံတွေနဲ့ လူထုထောက်ခံယုံကြည်မှု ကျဆင်းလာနေတဲ့ ဝန်ကြီးချုပ် နာဂျစ်ဟာ လာမယ့် ရွေးကောက်ပွဲမှာ လူထုထောက်ခံမှုပြန်ရအောင် ရခိုင်ပြည်နယ်ပြဿနာကို အသုံးချတာဖြစ်ကြောင်း ဝေဖန်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။