မလေးရှားထိန်းသိမ်းရေးစခန်းက ထွက်ပြေးတဲ့ ရိုဟင်ဂျာ ၄ဝ ကျော်ကို ပြန်ဖမ်းဆီးမိ
2024.02.04

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းက ထွက်ပြေးသွားသူ ၁၃၁ ယောက်ထဲက ရိုဟင်ဂျာ ၄ဝ ကျော်ကို ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ဖမ်းဆီးမိတယ်လို့ အထက်တန်းတာဝန်ရှိ ရဲတစ်ယောက်က ပြောကြားတဲ့အကြောင်း AFP သတင်းက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။
မလေးရှားနိုင်ငံမြောက်ပိုင်း ပီရတ်ပြည်နယ်မှာရှိတဲ့ ဘီဒေါထိန်းသိမ်းရေးစခန်းမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားပြီး ရိုဟင်ဂျာ ၁၁၅ ယောက်နဲ့ တခြားနေရပ်ရွှေ့ပြောင်းလာတဲ့ လူ ၁၆ ယောက် ထွက်ပြေးသွားခဲ့ပါတယ်။
ထွက်ပြေးသူတွေထဲက ရိုဟင်ဂျာတစ်ယောက်ကတော့ အဝေးပြေးလမ်းမကို ဖြတ်ကူးနေချိန် ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ပြည်သူတွေက သတင်းပေးတာကြောင့် ဆီအုန်းစိုက်ခင်းတစ်ခင်းနဲ့ Tapah နဲ့ Bidor မြို့တွေနားက ပတ်လည်ဝိုင်းနေတဲ့ တောထဲကနေ ရိုဟင်ဂျာအမျိုးသား ၄၁ ယောက်ကို ပြန်ဖမ်းဆီးမိတဲ့အကြောင်း Perak ရဲအကြီးအကဲက ပြောပါတယ်။
ထွက်ပြေးသွားသူတွေကို မြစ်တွေ၊ ရွာတွေ၊ တောအုပ်တွေမှာ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိ ၁၃၀ ကျော်က ပိုက်စိပ်တိုက်ရှာဖွေနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
ရိုဟင်ဂျာတွေဟာ လနဲ့ချီပြီးကြာတဲ့ ပင်လယ်ခရီးကြမ်းကနေ တစ်ဆင့် ဒါမှမဟုတ် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ဖြတ်ပြီး မလေးရှားကို ဝင်ရောက်လာကြတာပါ။ သူတို့ကို ဖမ်းဆီးမိရင် ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ခံရပါတယ်။