အာဆီယံရဲ့ ပြည်တွင်းရေးဝင်မစွက်ရမူကို ပြန်စဉ်းစားသင့်ကြောင်း မလေးရှားပြော
မြန်မာနိုင်ငံက ပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေကြောင့် အာဆီယံအနေနဲ့ အဖွဲ့အဝင် နိုင်ငံအချင်းချင်း ဝင်ရောက်မစွက်ဖက်ရဘူး ဆိုတဲ့အချက်ကို ပြန်စဉ်းစားသင့်တယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောဆိုမှုကို ကိုးကးပြီး ရိုက်တာသတင်းဌာနမှာ ရေးသားထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းတာကြောင့် အရပ်သား ၁၀၀၀ ကျော် သေဆုံး ခဲ့ရတဲ့ အခြေအနေကိုထောက်ရှုပြီး အခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရမူဝါဒအပေါ် ပြန်စဉ်းစား သင့်ကြောင်း မလေးနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ (Saifuddin Abdullah) က ပြောခဲ့တာပါ။
အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံဟာ လာမယ့်အပတ်မှာပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးထံ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ မကြုံစဖူးဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး နိုင်ငံရေးနယ်ပယ်က မဟုတ်သူကိုပဲ ဖိတ်မယ်လို့ ပြောထားပါတယ်။
မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တွန်းအားပေးခဲ့တဲ့ ဒီဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံ တွေအပေါ် ဝေဖန်မှုနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက်ယူတာနဲ့ ညှိနှိုင်းဆွေးနွေးတာကိုသာ အလေးထား လုပ်ဆောင်ခဲ့တဲ့ အာဆီယံအတွက်တော့ ကြုံတောင့်ကြုံခဲ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံဘက်က ထိရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအနေနဲ့ မြန်မြန်ဆန်ဆန်ချမှတ်လုပ် ဆောင်နိုင်စွမ်းမရှိတာဟာ ပြည်တွင်းရေးဝင်မစွက်ရ ဆိုတဲ့မူဝါဒက အဓိကအကြောင်းအရင်းဖြစ်နေတယ်လို့ လည်း ဝန်ကြီးက ဆိုပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့တာဟာ အမေရိကန်၊ အီးယူ အပါအဝင် ပြည်ပနိုင်ငံတွေရဲ့ ကြားဝင်စွက်ဖက်မှုကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်ထားကြောင်းလည်း ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။