မလေးက အလုပ်ခန့်အပ်စာ ၈ ထောင်ကျော် ရောက်ရှိနေပေ မယ့် သွားခွင့်မရှိသေး
2017.06.11

မြန်မာအလုပ်သမားစေလွှတ်မှု ယာယီရပ်နားထားတဲ့ ၆ လတာကာလအတွင်း မလေးရှားနိုင်ငံရဲ့ စက်ရုံ၊ အလုပ် ရုံတွေဆီက အလုပ်သမားခန့်အပ်စာ ရှစ်ထောင်ကျော်ရောက်ရှိနေတဲ့အတွက် အလုပ်သမားတွေ ပြန်လည်စေ လွှတ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာနထံ မြန်မာနိုင်ငံပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီများအဖွဲ့ချုပ် (MOEAF) က အသနားခံစာ တင်ပြထားပါတယ်။
မလေးရှားနိုင်ငံဘက်က အလုပ်ခေါ်စာချထားပေးပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံဘက်က အလုပ်သမားစေလွှတ်မှု ရပ်နားထားတဲ့အတွက် စေလွှတ်ခွင့်မရသေးဘူး လို့ မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် ကပြောပါတယ်။
"Calling ကျပြီးသားစေလွှတ်လို့ မရတာက ရှစ်ထောင်နဲ့ တစ်သောင်းကြားမှာရှိတယ်။ အဲ့ကလေးတွေက ခြောက်လလည်းကျော်သွားပြီ။ Calling Visa သက်တမ်းက လေးလဆိုတော့ တချို့က သက်တမ်းတွေ ပြန်တိုးထားတာ။ နောက်တစ်ကြိမ်ပြန်တိုးထားတာဆိုတော့ နောက်ထပ်ထပ်တိုး လို့မရတော့ဘူးဆိုရင် ဒီကလေးတွေက မလေးရှားလုံးလုံးသွားလို့မရတော့ဘူး။ အဲတော့ အဲဒီဟာကို သိပ်ပြီးတော့ အခက်အခဲဖြစ်နေလို့"
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဘက်ကလည်း မလေးရှားနိုင်ငံကို မြန်မာလုပ် သားတွေ ပြန်လည်စေလွှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးထံ အကြံပြုလွှာ တောင်းခံထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။
"အကြံပြုချက်တွေပြန်တောင်းထားပါတယ်။ ၃ ခါလောက်ရှိပြီ။ မလေးရှားမှာရှိတဲ့ မလေးရှားနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးကို အကြံပြုချက်တောင်း ထားတယ်။ သံအမတ်ကြီးကနေတဆင့် နိုင်ငံခြားရေး ကနေ ပြန်လာရင်တော့ ဒီဥစ္စာလွှတ်ဖို့တော့ ဖြစ်မှာပေါ့နော်။ ဒါပေမဲ့ ဟိုဘက်ကလာတဲ့ အဖြေက ကျနော်တို့က ဘာမှန်းမသိတဲ့အခါကျတော့လေ ကျနော်က ပြောရတာခက်တာပေါ့နော်"
မြန်မာနိုင်ငံဘက်က မြန်မာလုပ်သားစေလွှတ်မှုကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ပြီး ယာယီရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
တရားဝင်လုပ်သားစေလွှတ်မှု ရပ်နားထားတဲ့အတွက် အလည်အပတ်ဗီဇာနဲ့သွားရောက်ပြီး အလုပ်ရှာသူတွေနဲ့ တရားမဝင်သွားရောက်မှုတွေ များလာတယ်လို့ MOEAF ကတာဝန်ရှိသူတွေက ပြောပါတယ်။
မလေးရှားနိုင်ငံက မြန်မာလုပ်သားခေါ်ယူမှု အများအပြားရှိနေပြီး ပုံမှန်အားဖြင့် အရင်က တပတ်မှာ အလုပ် သမား ၅၀၀ ကနေ ၇၀၀ ကြားကို မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ မြန်မာအစိုးရ ဘက်က တရားဝင်ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။