မန္တလေး မြို့ပြပြောက်ကျားအဖွဲ့ဝင် သုံးဦး ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

RFA Burmese
2024.02.07
မန္တလေး မြို့ပြပြောက်ကျားအဖွဲ့ဝင် သုံးဦး ဖမ်းမိကြောင်း စစ်ကောင်စီ ထုတ်ပြန် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့် လမ်း ၃၀ တစ်နေရာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဥ်။
RFA

မန္တလေး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် သုံးဦးကို ဖေဖော်ဝါရီ ၄ ရက်က အောင်မြေသာစံမြို့နယ်က နေအိမ်တွေမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှာ နေထိုင်ကြတဲ့ အသက် ၃၆ နှစ်အရွယ် မသီတာစိုးနဲ့ အသက် ၃၉ နှစ်အရွယ် ကိုတိုးညွန့်၊ ပြည်ကြီးရန်လုံ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ် မကေခိုင်တို့ကို လက်နက်တွေနဲ့အတူ ဖမ်းမိတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၆ ရက်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာမှာတော့ ဖမ်းဆီးခံရသူသုံးဦးဟာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးထံကနေ ခရီးသည်တင်ကား ဂီယာဘောက်ထဲမှာ ဝှက်ပြီးတင်ပေးလိုက်တဲ့ လက်နက်တွေကို စစ်ကိုင်းဘက် ပို့ပေးနေသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေး (PDF) အဖွဲ့နဲ့ No More Dictatorship အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

No More Dictatorship Defence Force (NMD) ပြန်ကြားရေးတာဝန်ခံ ကိုချာလီကတော့ အဲဒီသုံးဦးထဲမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးသာ ပါဝင်တယ်လို့ ဖေဖော်ဝါရီ ၇ ရက် ဒီနေ့ RFA ကို ပြောပါတယ်။

“ဟိုတစ်နေ့က မန္တလေးမှာ လက်နက်တွေနဲ့ဖမ်းဆီးမိတဲ့ သတင်းက ကျွန်တော်တို့ရဲ့ ထောက်ပို့အဖွဲ့ဝင်တစ်ဦး ပါသွားတယ်ပေါ့နော်။ ကျန်တဲ့ နှစ်ယောက်ကတော့ ဘာမှ နားမလည်ပါဘူး။ သူတို့ကတော့ မီနီအိုးဝေသမားနဲ့ သူငယ်ချင်းကဏ္ဍ အဖော်လိုက်ပေးတဲ့သူတစ်ယောက်ပါ”

မြို့ပြပြောက်ကျားအဖွဲ့တွေဟာ လက်နက်ပစ္စည်းမျိုးစုံ မသုံးနိုင်သလို စစ်ကောင်စီတပ်တွေနဲ့ အနီးဆုံးနေရာမှာ နေထိုင်နေရတာဖြစ်လို့ အချိန်မရွေးဖမ်းဆီးခံရနိုင်ပြီး အခက်အခဲများစွာ ကြုံရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၃၀ ရက်ကလည်း ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ် (၂) က အသက် ၃၀ ကျော်အရွယ် ရာအိမ်မှူး စည်သူဝင်း ရပ်ကွက်အုပ်ချုပ်ရေးရုံးထဲမှာပဲ ပစ်ခတ်ခံခဲ့ရပါတယ်။

စစ်အာဏာသိမ်း သုံးနှစ်အတွင်း မန္တလေးမြို့မှာ မြို့ပြပြောက်ကျားအဖွဲ့ဝင် သုံးရာကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီ မြို့ပြပြောက်ကျားအဖွဲ့တွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။