မန္တလေးမြို့မှာ မူးယစ်ဆေးသုံးစွဲ သူတွေကို ဖမ်းဆီး


2016.07.25
mdy-drugs-arrest-620.jpg မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၃ ခုမှာ ဇူလိုင်လ ၂၅ ရက်နေ့က မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကို ရဲတပ်ဖွဲ့ဝင်တွေ လိုက်လံဖမ်းဆီးနေစဉ်
Photo: ယဉ်မျိုးသွယ်/ Facebook

မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၃ ခုမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်တွေက ရဲအင်အား ၃၀၀ ကျော်နဲ့ ဒီနေ့ လိုက်လံဖမ်းဆီးခဲ့ပါတယ်။

ပြည်ကြီးတံခွန်၊ အောင်မြေသာဇံနဲ့ ပုသိမ်ကြီးမြို့နယ်တွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မန္တလေး တိုင်းရဲတပ်ဖွဲ့ ရဲမှူးကြီး ဟန်ထွန်း က ပြောပါတယ်။

"ပုသိမ်ကြီးမြို့နယ်အပိုင်ထဲက ၈ ဦး၊ အောင်မြေသာဇံက ၁၁ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်အပိုင်က ၄ ဦး ပါ၊ ဆေးထိုးအပ်တွေနဲ့ တွေ့တဲ့အခါကျတော့ ဘိန်းဖြူသုံးစွဲတဲ့လူလို့ ယူဆရပါတယ်၊ ပုသိမ်ကြီးအပိုင် စက်ရိပ်ကျေးရွာမှာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ကတော့ သုံးစွဲရန်ရောက်ရှိနေတယ်ပေါ့နော်၊ သုံးနေရာမှာတော့ အားလုံး ၅ ယောက်ကို ဖမ်းဆီးရမိတာပေါ့ "

ဒီနေ့ ဖမ်းဆီးရမိသူ ၅ ဦးဖြစ်ပြီး သူတို့တွေဟာ လူမနေတဲ့အိမ်တွေထဲ မူးယစ်ဆေးဝါးသုံးစွဲဖို့ ရောက်နေ ကြတာဖြစ်ပြီး ရောင်းဝယ်တဲ့သူတွေကိုတော့ ဖမ်းဆီးရမိတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

သူတို့တွေဟာ ဘိန်းဖြူကို အဓိကသုံးစွဲနေကြတာဖြစ်ပြီး ဆေးထိုးအပ်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ် လို့ ပြောပါတယ်။

အဓိက မူးယစ်ဆေးရောင်းဝယ်သူတွေကို ဆက်စပ်ဖော်ထုတ်နိုင်ဖို့ စီစဉ်နေပြီး ဖမ်းဆီးရမိသူတွေကို ပုသိမ်ကြီးမြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်ထဲမှာ ဘိန်းဖြူနဲ့ စိတ်ကြွရူးသွပ် ဆေးပြား ကျပ်ငွေ ၃၆ ဘီလျံကျော်ဖိုးကို ဖမ်းဆီးရမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။