မန္တလေးနဲ့ မိုင်နှစ်ဆယ်အကွာမှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.12.20
မန္တလေးနဲ့ မိုင်နှစ်ဆယ်အကွာမှာ တိုက်ပွဲပြင်းထန်နေ မန္တလေးတိုင်း မတ္တရာမြို့နယ် ရေနံ့သာနယ်မြေရဲစခန်းရှေ့တွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များ။
Telegram/ Mandalay People’s Defence Force

မန္တလေးမြို့နဲ့ မိုင်နှစ်ဆယ်အကွာ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်က ထန်းပင်ကုန်းရွာမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကြောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ကြောင့် အရပ်သားသုံးဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သွားရောက်တိုက်ခိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အဲဒီရွာအနီးက မြကံသာရွာကို လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး ပြန်လည်တိုက်ခိုက်ချိန် အရပ်သားတွေ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၀ ရက် ဒီနေ့အထိလည်း တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲက ဆက်ဖြစ်နေသေးတယ်။ မနေ့ကလောက်တော့ လက်နက်ကြီးသံတွေတော့ မကြားရတော့ဘူး။ သေနတ်သံတွေလောက်ပဲ တစ်ချက် တစ်ချက် ကြားရတယ်။ တိုက်ပွဲစဖြစ်ပြီး ထန်းပင်ကုန်းကို နေ့လယ်လောက် မှာ Mi35၊ Y12 နဲ့ နှစ်ခါ ဗုံးလာကြဲတယ်။ မြကံသာဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ အဲမှာတော့ အမျိုးသား တစ်ဦးက ပွဲချင်းပြီး ဆုံးတယ်။ ဘုန်းကြီးတစ်ပါးနဲ့ ကိုရင်တစ်ပါး ဒဏ်ရာရပြီး ဆေးကုနေရင်း ဒီနေ့ ထပ်ဆုံးသွားတယ်”

တိုက်ပွဲပြင်းထန်နေတဲ့ ထန်ပင်ကုန်းရွာအတွင်းက ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မတ္တရာမြို့နယ် အနောက်ခြမ်းကိုတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဧရာ၀တီမြစ်အနီးမှာရှိတဲ့ ရွာငါးရွာထက်မနည်း နေ့စဉ် မီးရှို့ဖျက်ဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။