ဘုန်းကြီးကျောင်းတွေမှာ အခြေချနေသူတွေစာရင်း ကောက်ယူမည်
2017.06.14

မန္တလေးတိုင်းသေကြီး၊ မန္တလေးခရိုင်အတွင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ အခြေချနေထိုင်နေကြတဲ့ အိမ်ထောင်စု စာရင်းတွေကို ကောက်ယူပြီး ဖယ်ရှားဖို့ မန္တလေးတိုင်း သံဃမဟာနာယကအဖွဲ့က ညွှန်ကြားထားတယ်လို့ သိရ ပါတယ်။
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်ကို တိုင်းအစိုးရအဖွဲ့ဘက်က ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် ကပြောပါတယ်။
"မဟနရဲ့ ညွှန်ကြားချက်ပေါ့နော်။ မန္တလေးတိုင်းမှာ ဘုန်းကြီးကျောင်းမှာ တရားမဝင်နေထိုင်တဲ့သူတွေ ဒါတွေကို မဟနရဲ့ ညွှန်ကြားမှုနဲ့ တိုင်းရဲ့ပူးပေါင်းမှုနဲ့ ဒါတွေက နှင်ထုတ်ဖို့ဆိုတာ အဲဒါတွေက ရှိပါတယ်။ အသေးစိတ်က လုံခြုံရေးဌာနက ပိုသိပါလိမ့်မယ်။ ဘုန်းကြီးနဲ့ မသက်ဆိုင်သူတွေ ဝင်ရောက်နေထိုင်ပြီး အိမ်ထောင် သားမွေးဖြစ်နေတာတွေကို မဟနက စိစစ်တာပါ"
မန္တလေးခရိုင်ထဲက ချမ်းမြသာစည်၊ ချမ်းအေးသာဇံ၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ မဟာအောင်မြေ၊ အမရပူရနဲ့ အောင်မြေသာဇံမြို့နယ်တွေက ဘုန်းကြီးကျောင်းတွေမှာ အခြေချနေထိုင်နေကြတဲ့ အိမ်ထောင်စုတွေရဲ့ စာရင်းတွေကို ကောက်ယူမှာဖြစ်ပါတယ်။
အဲဒီလို စိစစ်ရာမှာ ဘုန်းကြီးကျောင်းတွေမှာနေထိုင်ပြီး ဘုရားဖူးလာကြသူတွေ၊ ကျောင်းတက်ကြသူတွေကို စာရင်းသာကောက်ခံပြီး ဖယ်ရှားခိုင်းတာမျိုး လုပ်ဆောင်မှာ မဟုတ်ဘဲ အတည်တကျ အခြေချနေထိုင်ကြသူတွေ ကိုသာ ဖယ်ရှားခိုင်းမှာ ဖြစ်တယ်လို့ ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖုန်းထက်နိုင်မြင့် ကပြောပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းအတွင်းမှာရှိတဲ့ ဘာသာလေးခုလုံးက ဘာသာရေး အ ဆောက်အအုံတွေကို တရားဝင်ခွင့်ပြုချက်မရှိဘဲ တိုးချဲ့တာ၊ ပြင်ဆင်တာ၊ ဘာသာရေး အခမ်းအနားတွေနဲ့ တရားပွဲကျင်းတာတွေ ဆောင်ရွက်မယ်ဆိုရင် အချိန်နဲ့တပြေးညီတင်ပြဖို့ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေထံ ပြီးခဲ့တဲ့မေလအတွင်းက ညွှန်ကြားစာပေးပို့ထားတယ်လို့လည်း သိရပါတယ်။