မန္တလေးက NLD အစိုးရအဖွဲ့ဝင် သုံးဦးနဲ့ ပါတီအတွင်းရေးမှူး ထောင် နှစ်နှစ်ချမှတ်ခံရ

2021.12.09
မန္တလေးက NLD အစိုးရအဖွဲ့ဝင် သုံးဦးနဲ့ ပါတီအတွင်းရေးမှူး ထောင် နှစ်နှစ်ချမှတ်ခံရ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ မြို့တော်ဝန် ဒေါက်တာ ရဲလွင် ကို ၂၀၂၀ သြဂုတ်လက တွေ့ရစဉ်
ဓာတ်ပုံ - ဒေါက်တာ ရဲလွင် ဖေ့စ်ဘွတ်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ မြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ ဝန်ကြီးသုံးဦးနဲ့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးတို့ကို ဒီဇင်ဘာလ ၈ ရက် မနေ့က အိုးဘိုအကျဉ်းထောင် တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါ တယ်။

လျှပ်စစ်စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်ကိုကိုတို့ကို အခုနှစ်ဆန်းပိုင်းက ကျုံးထောင့်မှာပြုလုပ်ခဲ့တဲ့ ကိုဗစ်အသိပညာပေးအခမ်းအနားကို လူစုလူဝေးနဲ့ ပြုလုပ်ခဲ့တယ်ဆိုပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၅/၃၀ (က) နဲ့ စွဲဆိုခဲ့တာဖြစ်တယ်။

မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကတော့ စစ်တပ်ကအာဏာသိမ်းပြီးချိန်မှာ အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသတဲ့ အနေနဲ့ လက်သုံးချောင်ထောင်ပြီး ရိုက်ထားတဲ့ဓာတ်ပုံကို သူ့ရဲ့ဖေ့စ်ဘွတ်လူမှုကွန်ယက်စာ မျက်နှာမှာ တင်ခဲ့တဲ့အတွက် အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ခ) နဲ့ တရားစွဲခံခဲ့ရတာ ဖြစ်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။

“အခုအမိန့်ချခံထားရတဲ့ ဝန်ကြီးတွေမှာ ဒေါက်တာ စိုးသန်းကလည်း အမှုထပ်ရင်ဆိုင်စရာ မရှိတော့ဘူး။ ဦးရဲလွင်ကလည်း မရှိတော့ဘူး။ ဦးဇာနည်အောင်ကတော့ ဝန်ကြီးချုပ်နဲ့အတူ စွဲဆိုခံထားရတဲ့ အဂတိအမှု နှစ်မှုရှိသေးတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကတော့ ချမ်းအေး သာစံတရားရုံးမှာ အမှုရင်ဆိုင်နေရဆဲပါ“ လို့ အကျိုးဆောင် ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့ဝန်ကြီးတွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမယ့် ရှမ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစိုင်းပန်ဆိုင်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်း အမြစ်ဝန်ကြီး ဦးအောင်ကြည်တို့ကတော့ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာ တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို စစ်ကောင်စီက အမှုပေါင်း ကိုးမှုနဲ့ တရားစွဲဆိုခံ ထားရပြီး အဲဒီအထဲက အမှုနှစ်ခုအတွက် ဒီဇင်ဘာလ ၈ ရက် မနေ့က ထောင်ဒဏ် လေးနှစ် ချမှတ်ခံ ထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။