မန္တလေးက စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားချိန် လုပ်ခလစာ အပြည့်ပေးဖို့ တောင်းဆို
2020.04.06
စက်ရုံအလုပ်ရုံတွေ ယာယီပိတ်ထားတဲ့ကာလအတွင်း အလုပ်ရှင်ဘက်က အနည်းဆုံး လုပ်ခလစာ အပြည့်ပေးဖို့နဲ့ ပိတ်ဖို့မလိုတဲ့ စက်ရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတွေ လိုက်နာမှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေး ပေးဖို့ မန္တလေးတိုင်း သမဂ္ဂအဖွဲ့ဝင်တွေက ဒီကနေ့ တောင်းဆိုပါတယ်။
မန္တလေးတိုင်းအတွင်းက စားသောက်ကုန်ရောင်းချ ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ဘဏ်တွေ၊ ဆီဆိုင်တွေနဲ့ ဆေး ပစ္စည်းအရောင်းဆိုင်တွေလိုမျိုး ဆိုင်တွေကလွဲရင် အခြားကုန်ပစ္စည်း ရောင်းချထုတ်လုပ်တာတွေကို လာမယ့် ဧပြီလ ၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၁၅ ရက်အကြာ ပိတ်ထားဖို့အတွက် တိုင်းဒေသကြီးအစိုးရ အမိန့်ထုတ် ပြန်ထားပါတယ်။
ထုတ်ပြန်ထားတဲ့အထဲမှာဆိုရင် အလုပ်သမားတွေအတွက် တိကျတဲ့ညွန်ကြားချက်တွေ မပါဝင်ဘူးလို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောပါတယ်။
“စက်ရုံအလုပ်ရုံတွေ ပိတ်ခိုင်းတာက အိမ်မှာနေစေချင်လို့ဖြစ်တယ်၊ အလုပ်သမားတွေရဲ့ ဆန်အိုးထဲ ဆန်ရှိမှ နေနိုင်မှာဖြစ်တယ်။ ဆန်မရှိရင် တခြားအလုပ်သွားလုပ်ရမှာဖြစ်လို့ အိမ်မှာနေရမယ်ဆိုတာ မအောင်မြင်နိုင် ပါဘူး၊ ပိတ်သိမ်းထားတဲ့ကာလမှာ ဧပြီလစာကို အလုပ်ရှင်က ပေးစေချင်တယ်“
လုပ်ခလစာတွေ အပြည့်ပေးချေပေးဖို့၊ အလုပ်မပိတ်သိမ်းတဲ့စက်ရုံတွေ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတာတွေကို လိုက်နာမှု ရှိ၊ မရှိ စစ်ဆေးပေးဖို့ဆိုတာတွေနဲ့ ပတ်သက်လို့ အကြံပြုတင်ပြစာကို မန္တလေး တိုင်းအစိုးရကို ဒီကနေ့ ပေးပို့သွားမှာဖြစ်ပါတယ်။
ကော်ဖီစက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ မလှမျိုးနွယ်က သူတို့စက်ရုံဆို စားသောက်ကုန်ဖြစ်လို့ မပိတ်ပေမယ့် ထုတ်ပြန်ချက်တွေကို လိုက်နာမှုတွေကို အားနည်းတယ်လို့ ပြောပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားတာတွေ လုပ်ပေးထားတာ မရှိဘူး၊ ကြောက်တယ်။ လုပ်ပေးမှ လုပ်ငန်းခွင်ဝင်လို့ရမှာ၊ သုံးပေကွာမှာ လုပ်လို့မရဘူး၊ နှားခေါင်းစည်းက နှစ်ခုပဲပေးထားတယ်။ လျှော်သုံးရတယ်“
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ အလုပ်ရှင်တွေအနေနဲ့ လိုက်နာရမယ့် အချက် ကိုးချက် ထုတ်ပြန်ထားပါတယ်။ ကိုယ်အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက်များနေရင် ကျန်းမာရေးဝန်ကြီးဌာနာကို ပို့ဆောင်ဖို့၊ လုပ်ငန်းခွင်မဝင်ခင် လက်ဆေးဖို့၊ တစ်ဦးနဲ့ တစ်ဦး သုံးပေကွာပြီးလုပ်ဖို့၊ လက်သန့်ဆေးရည် အလုံအလောက်ထားပေးဖို့၊ ကြမ်းပြင်တွေကို ကလိုရင်းသုံးပြီး နေ့စဉ်သန့်ရှင်းဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
စဉ့်ကိုင်မြို့နယ်က ဖိနပ်စက်ရုံမှာလုပ်တဲ့ ကိုဇင်မင်းအောင်က အလုပ်သမားတွေအနေနဲ့ ဘဝနဲ့ရင်းပြီး လုပ်နေ ရတာကို အလုပ်ရှင်တွေဘက်က လိုက်နာမှုတွေလျော့နည်းနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“လိုက်နာမှု အားနည်းတယ်၊ ပိတ်ခိုင်းတဲ့ စာရောက်လာပေမယ့် စက်ရုံဖွင့်လို့ရရင် ဖွင့်မယ်ပြောတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မရှိဘူး၊ ပိုက်ဆံရဖို့ သေတွင်းကို တူးနေကြရဦးမှာပဲ၊ သူတို့က ပိုက်ဆံတွေ ရင်းထားရတယ်။ ကျနော်တို့က ဘဝတွေရင်းထားရတယ်“
အလုပ်ရှင်တွေအနေနဲ့လည်း စက်ရုံပိတ်သိမ်းဖို့နဲ့ပတ်သက်ပြီး ဒီကနေ့မှာ တိုင်းဒေသကြီးအစိုးရနဲ့ အစည်းအဝေး လုပ်နေပြီး တိကျတဲ့အချက်အလက်တွေကို ထုတ်ပြန်သွားမှာဖြစ်တယ်လို့ မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက RFA ကို ပြောပါတယ်။
“အရက်ချက်စက်ရုံဆိုလည်းရတယ်။ စားသောက်ကုန်ထဲပါတယ်၊ ကြက်စာစက်ရုံဆိုလည်း ဖွင့်ရမယ်။ အစားအသောက်အတွေ အကုန်ဖွင့်ရမယ်။ လည်ကိုလည်ရမှာ မလည်ရင် အရေးယူမယ်။ လစာကိစ္စဆိုလည်း ဧပြီလစာကတော့ စက်ရုံတော်တော်များများပေးပါတယ်။ ဆန်၊ ဆီတောင် ဝေကြပါတယ်၊ စက်ရုံအားလုံး တပြေးညီတော့ မဟုတ်ဘူးပေါ့၊ လုပ်ငန်းရှင်တွေရဲ့ စေတနာပေါ့၊ ပေးကြတာ“
မန္တလေးစက်မှုဇုန်က အလုပ်ရှင်တချို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။
မန္တလေး စက်မှုဇုန်မှာဆိုရင် စက်ရုံပေါင်း ၁၂၀၀ ကျော်ရှိပြီး စားသောက်ကုန်စက်ရုံကတော့ ၁၈၂ ရုံရှိပါတယ်။ စားသောက်ကုန်စက်ရုံမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းပေါင်းကတော့ ၄၅၀၀ ရှိတယ်လို့ မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက သိရပါတယ်။