လှေလုပ်သားကတ် ထုတ်ပေးဖို့နဲ့ လစာဘဏ်စနစ်နဲ့ပေးဖို့ ထိုင်းညွှန်ကြား
2017.10.08
ထိုင်းနိုင်ငံ ရေလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားရေလုပ်သားတွေ ကို လှေလုပ်သားကတ်ဖြစ်တဲ့ Seabook တွေထုတ်ပေးဖို့နဲ့ လစာကို ဘဏ်စနစ်နဲ့ပေးဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းက ညွန်ကြားထားပါတယ်။
ရေလုပ်ငန်းမှာ တရားဝင်လုပ်ကိုင်ခွင့်ရရှိသွားမယ့် အခြေအနေဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။
"နဂိုက ထိုင်းငါးဖမ်းလှေပေါ်မှာရှိနေတဲ့ နိုင်ငံခြားသား ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေက ထိုင်းအစိုးရက ယာယီထုတ်ထားပေးတဲ့ ပန်းရောက်ကတ်ဆိုတာတွေနဲ့ အလုပ်လုပ်ကိုင်နေတာပါ၊ အခုတစ်ခါ သူတို့ပြန်လည်မွမ်းမံပြီးတော့မှ ရေလုပ်သားတွေကို တရားဝင်ရေလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့မှ Seabook ဆိုတဲ့စာအုပ်တွေ ပြန်လည်ထုတ်ပေးဖို့တော့ သူတို့ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက စီမံနေပါတယ်ခင်ဗျ၊ အနက်အဓိပ္ပါယ်ကတော့ တရားဝင် ထိုင်နိုင်ငံ ရေလုပ်ငန်းမှာ လုပ်ကိုင်နေတယ်ဆိုတာကို သူကပါ်လွင်အောင် လုပ်ပြလိုက်တာဖြစ်ပါတယ်"
အဲဒီလုပ်ငန်းအကောင်အထည်ဖော်မယ့် နေ့ရက်ကို အတိအကျ သတ်မှတ်ထားတာမရှိပေမယ့် အမြန်ဆုံးတော့ အကောင်ထည်ဖော်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
ရေလုပ်သားတွေရဲ့ လုပ်ခလစာကို တစ်လ ဘတ် ၉ ထောင်ပေးဖို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့နှစ်မှာ သတ်မှတ် လိုက်ပေမယ့် အလုပ်ရှင်တွေက လိုက်နာမှုမရှိတာကြောင့် အခုလို ဘဏ်စနစ်အသုံးပြုပြီး လစာပေးဖို့ သတ်မှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ဘဏ်စနစ်နဲ့ လုပ်ခလစာပေးဖို့ ညွှန်ကြားချက်ကို ရေလုပ်ငန်းရှင်တွေဘက်က ကန့်ကွက်နေတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။
ထိုင်းနိုင်ငံတွင်း ငါးဖမ်းလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ ရေလုပ်သားတွေဟာ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံကနေ လာရောက်လုပ်ကိုင်သူတွေဖြစ်ပြီး လုပ်သားဦးရေ သိန်းနဲ့ချီရှိတယ်လို့ သိရပါတယ်။