လက်နက်ကိုင်အဖွဲ့နာမည်နဲ့ ဖိအားပေးလို့ လားရှိုးဒေသခံတချို့ တိမ်းရှောင်ရ
2020.01.23
ဇန်နဝါရီလ ၂၀ ရက်နေ့ညပိုင်းမှာ မန်ပြိန်းရွာသား သုံးဆယ်လောက်ဟာ ပရဟိတအဖွဲ့တချို့ရဲ့ အကူအညီနဲ့ လားရှိုးမြို့ပေါ်ကို ထွက်ပြေးလာတာပါ။
လားရှိုး-နမ္မတူသွားလမ်း လားရှိုးမြို့နယ် မန်ပြိန်းအောက်ရွာနဲ့ လေးမိုင်အကွာမှာ ကုမ္ပဏီတစ်ခုက ဧကသုံးရာ စိုက်ပျိုးရေးလုပ်မယ်ဆိုပြီး ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့မှာ ကျေးရွာအနီးကို မြေတူးတဲ့စက်ယန္တယားတွေ လာရောက်ချထားပြီး ကျေးရွာအတွင်းလမ်းကနေ ဖြတ်သန်းဖို့ ဆောင်ရွက်ချိန်ကတည်းက ရွာသားတွေက ကန့်ကွက်ခဲ့ကြတာပါ။
လုပ်ငန်းအကောင်အထည်ဖော်မယ့် လုပ်ငန်းရှင်ဟာ အနီးနားကျေးရွာက စီးပွားရေးလုပ်ငန်းရှင်လို့ပဲ သိထားကြ သလို စိုက်ပျိုးရေးလုပ်မယ်လို့သာ ကနဦးသိထားပြီး လုပ်ငန်းရှင်နဲ့ sspp က အရာရှိဆိုတဲ့သူတွေ ဘယ်လို ပတ်သက်တယ်ဆိုတာကိုလည်း မသိရဘူးလို့ ရွာသားတွေကပြောပါတယ်။ မြေတစ်ဧကကို တစ်သိန်းနှုန်းနဲ့ အရောင်းအဝယ်လုပ်ထားတယ်လို့ အပြင်မှာ သတင်းတွေ ထွက်ပေါ်နေတယ်လို့လည်းဆိုပါတယ်။
လပိုင်းအတွင်း မန်ပြိန်းကျေးရွာက အိမ်ထောင်စု ၅၀ ကျော်က လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြပြီးနောက်ပိုင်းမှာ SSPP/SSA လက်နက်ကိုင်အဖွဲ့က အရာရှိဆိုသူက ညတိုင်းရောက်လာပြီး ဖိအားပေးခဲ့တယ်လို့ ကျေးရွာသားတွေ က ပြောပါတယ်။
ဒီအတွက် ရွာသားတွေက အဲဒီအဖွဲ့တာဝန်ရှိသူတွေကို တိုင်ကြားပြီးနောက်ပိုင်းမှာ အခြေအနေ အနည်းငယ် ငြိမ်သွားခဲ့ပေမယ့် ၂၀၁၉ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ကျေးရွာသူကြီးအပါအဝင် ရွာသားသုံးဦးကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ရွာသူကြီး ဦးတူးမိုင်ဟာ ရာထူးက ထွက်စာတင်ပြီး ကျန်ရွာသားနှစ်ဦးနဲ့အတူ တိမ်းရှောင်နေရတယ်လို့ ရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စီမံကိန်းနေရာမှာ လုပ်ငန်းစတင်ဖို့ ပြင်ဆင်နေတာကြောင့် လားရှိုးက ဌာနဆိုင်ရာနဲ့ ခရစ်ယာန်အသင်းတော် တာဝန်ရှိသူတွေသိအောင် တိုင်ကြားမယ့်သူတွေကို လက်နက်ကိုင်အဖွဲ့က အရာရှိဆိုသူက ဖိအားပေးတဲ့အတွက် ထွက်ပြေးလာကြရတာလို့ ရွာသားတစ်ဦးက ပြောပြပါတယ်။
ဧကသုံးရာဆိုတဲ့မြေနေရာဟာ ရွာသားတွေ လုပ်ကိုင်စားမယ့် ရွှေ့ပြောင်းတောင်ယာတွေပါ ပါဝင်နေလို့ ကန့်ကွက်ရတာဖြစ်တယ်၊ စီမံကိန်းနဲ့ မြေအရောင်းအဝယ်ကိစ္စတွေဟာ ပွင့်လင်းမြင်သာဖို့ လိုအပ်တယ်လို့ ဒေသခံတချို့ကပြောပါတယ်။
မကြာခဏ ဖိအားပေးခံနေရတဲ့အတွက် ဒေသခံတချို့က စီမံကိန်းကို သဘောတူလာကြတယ်လို့ပြောပါတယ်။ လက်နက်ကိုင်အဖွဲ့က ကျေးရွာဖွံ့ဖြိုးရေးအတွက် ကူညီမယ်လို့ပြောဆိုကြောင်း ရွာသားတွေကပြောပါတယ်။
ထွက်ပြေးလာတဲ့သူတွေကို လားရှိုးမြို့ အနောက်ပိုင်း ကချင်အသင်းတော် ဘုရားကျောင်းနယ်မြေမှာ လက်ခံထားပြီး သူတို့ကိုပရဟိတအဖွဲ့တချို့က ကူညီနေပါတယ်။
SSPP အဖွဲ့ဟာ အစိုးရနဲ့ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စာချုပ်မှာသာ လက်မှတ်ရေးထိုး ရသေးတာဖြစ်ပြီးတစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးထားရသေးပါဘူး။
တပ်မတော်စစ်ကြောင်းတွေဟာ မန်ပြိန်းရွာနဲ့နှစ်မိုင်လောက်ဝေးတဲ့ မိုင်းရင်ရွာလမ်းခွဲမှာ လုံခြုံရေးဆောင်ရွက်နေ တာရှိပါတယ်။ ကျေးရွာအနီးတဝိုက်မှာလည်း မကြာခဏဆိုသလို ကင်းလှည့်တာမျိုးရှိတယ်လို့ ရွာသားတွေက ပြောပါတယ်။
ကျေးရွာအနီးမှာလုပ်မယ့် ဧကသုံးရာစီမံကိန်းအတွက် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီကလည်း တားမြစ်ထားတာပါ။ ဒီကိစ္စအတွက် SSPP ဆက်ဆံရေးရုံးကတာဝန်ရှိသူတွေက ရွာသားတွေကို လာရောက် တွေ့ဆုံတာရှိပါတယ်။
စီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး SSPP ဗဟိုက ဘာမှမသိရသေးသလို စီမံကိန်းအတွက် ရွာသားတွေကို ခြိမ်းခြောက်ခဲ့တဲ့ တပ်ဖွဲ့ဝင်ကိုလည်း ဌာနချုပ်ကို ခေါ်ယူစစ်ဆေးမယ်လို့ SSPPသတင်းပြန်ကြားရေး တာဝန်ခံဗိုလ်မှူးစိုင်းဘုန်းဟန် ကပြောပါတယ်။
မန်ပြိန်းရွာဟာ ၂၀၁၈ ခုနှစ်တုန်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ကိုခံစားခဲ့ကြရပြီး လသားအရွယ်ကလေးငယ် တစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့ရတာပါ။
မကြာခဏလည်း စစ်ဘေးရှောင်ခဲ့ရတဲ့ရွာဖြစ်ပါတယ်။ ကျေးရွာအနီး တိုက်ပွဲဖြစ်တာ၊ လက်နက်ကိုင်အဖွဲ့တွေ မကြာခဏသွားလာလှုပ်ရှားမှုတွေကြောင့် မန်ပြိန်းအထက်ရွာက ဒေသခံတွေဟာ ရွာမှာမနေရဲလို့ မန်ပြိန်း အောက်ရွာကို ရွာလုံးကျွတ်ရွှေ့ပြောင်းခဲ့ကြတာဖြစ်ပြီး မေတ္တာဖောင်ဒေးရှင်း အပါအဝင် စေတနာရှင်တွေရဲ့ အကူအညီနဲ့ မန်ပြိန်းအောက်ရွာအနီးမှာ နေအိမ်တွေ ဆောက်လုပ်နေထိုင်ကြတာပါ။
ရွာသားတွေဟာ စိုက်ပျိုးရေးနဲ့ ဝါးခုတ်တဲ့အလုပ်ကို အဓိကလုပ်ကြတာဖြစ်ပြီး ဒီစီမံကိန်းကြောင့် သူတို့ လုပ်ကိုင်စားသောက်မှုအခြေအနေ ထိခိုက်မှာကို စိုးရိမ်နေကြသလို ထပ်မံခြိမ်းခြောက်ခံရမှာကိုလည်း စိုးရိမ်တယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။