မန်တုံမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနဲ့ပါတိုက်နေတယ်လို့ ဒေသခံတွေပြော
2023.12.19

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်မှာ ဒီဇင်ဘာလ ၁၈ ရက် မနေ့ညပိုင်းကနေ ဒီဇင်ဘာ ၁၉ ရက် ဒီနေ့မနက်အထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ တိုက်ပွဲပြင်းထန် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန်တုံမြို့အနီးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို TNLA က ဝင်ရောက် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ လာရောက်ပစ်ကူ နေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့က ညပိုင်းကစတာ၊ ဖြစ်နေတာက။ အခုပဲ တိုက်ခိုက်ရေးရဟတ်ယာဉ်လည်း လာတယ်။ Y- 12 လေယာဉ်နဲ့ပါ လာပစ်နေတာ။ တပ်နားမှာရော၊ မြို့ပတ်ပတ်လည်မှာ ဖြစ်နေတာ"
ဒီဇင်ဘာ ၁၀ ရက် နမ့်ဆန်မြို့သိမ်းတိုက်ပွဲ မစခင်ကတည်းက မန်တုံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ မကြာခဏဖြစ်နေပြီး မြို့ခံအချို့ လားရှိုး၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ ရှမ်းမြောက်ဒေသ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ TNLA အနေနဲ့ နမ့်ဆန်မြို့ကို သိမ်းပိုက်ပြီး မန်တုံမြို့ကိုလည်း ဆက်လက်သိမ်းပိုက်လာနိုင်တယ် လို့ သုံးသပ်ပါတယ်။
"TNLA က နမ့်ဆန်၊ မန်တုံသွားတဲ့လမ်းတွေကို စိုးမိုးထားတာကြာပြီပေါ့နော်။ အခုက နမ့်ဆန်လိုနေရာကို သိမ်းထားပြီဆိုတော့ စစ်ကောင်စီတပ်ဖွဲ့ အားနည်းတဲ့ သူတို့ဒေသလို့ သတ်မှတ်ထားတဲ့ မန်တုံကိုလည်း ချန်ထားမယ့်သဘောတော့ မရှိဘူး"
မန်တုံမြို့ဟာ စစ်ကောင်စီရဲ့ ခလရ (၁၃၀) တပ်ရင်း အခြေစိုက်တဲ့မြို့ ဖြစ်ပါတယ်။
TNLA ဟာ နမ့်ဆန်မြို့နဲ့ တစ်မိုင်ကျော်ဝေးတဲ့ စခန်းသစ်တပ်စခန်းကုန်းကို တစ်လခွဲနီးပါး တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက် မနေ့ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်တိုက်ပွဲ အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က အဲဒီစခန်းသစ်ကုန်း မကျဆုံးရေး လေကြောင်းပစ်ကူအပြင် စစ်ကူတွေ အကြိမ်ကြိမ် ပို့ဆောင်ပေးခဲ့ရတာလို့ ဆိုပါတယ်။
မန်တုံမြို့နဲ့ နမ့်ခမ်းမြို့ စခန်းသစ်ကုန်း တိုက်ခိုက်သိမ်းပိုက်မှု အခြေအနေနဲ့ပတ်သက်ပြီး TNLA ဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
TNLA ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ နမ့်ခမ်း၊ ကွတ်ခိုင်မြို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့သာ ရေးသားထားပါတယ်။
နမ့်ခမ်း စခန်းသစ်ကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ သလို ကျောက်မဲနဲ့ မန်တုံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေလည်း လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့် ကျောက်မဲမြို့ ဟူးကွက်ရွာက ဒေသခံနှစ်ဦးသေဆုံးပြီး အိမ်ခြေနှစ်ဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားတယ်။
နမ့်ဆန်မြို့နယ်မှာလည်း ဒီဇင်ဘာ ၁၈ ရက် ညနေသုံးနာရီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မန်လုံရွာသားတစ်ဦးနဲ့ ဇယ်ဘန်ကောက်ရွာသားသုံးဦး သေဆုံးခဲ့တယ်လို့ TNLA က ဖော်ပြထားပါတယ်။