အာဇာနည်ဗိမာန်ကို အများပြည်သူ ကြည့်ရှုခွင့် ရတော့မည်


2013.03.07
mausoleum-2011-b305 အာဇာနည်ဗိမာန်တွင် အလေးပြုနေသော တပ်မတော်သားများ ကို ၂၀၁၁ ခုနှစ် အာဇာနည်နေ့ အခန်းအနားတွင် တွေ့ရစဉ်။
AFP

မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကို နိုင်ငံတော်အဆင့် ပြင်ဆင်ပြီး ပြည်သူတွေ ဆန္ဒအတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာနက မတ်လ ၇ ရက် ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။

အာဇာနည်ဗိမာန်ကို အများပြည်သူ ဂါရဝပြုနိုင်ဖို့ သီတင်းတစ်ပတ်မှာ ၆ ရက် ဖွင့်လှစ်ပေးသွားမယ်လို့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က အခုလို ကတိပြု ပြောဆိုလိုက်ပါတယ်။

"မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည် ပြုပြင်မွန်းမံမှု များ ပြုလုပ်ပြီးပါက အများပြည်သူ ဂါရဝပြုနိုင်ရန်အတွက် တစ်ပတ်လျှင် ပိတ်ရက်တစ်ရက်သာထား ရှိပြီး ဖွင့်လှစ်ရန် စီစဉ်ထားရှိပါတယ်"

ရန်ကုန်မြို့မှာရှိတဲ့ အာဇာနည်ဗိမာန်ကို ဖွင့်လှစ်ပေးဖို့အစီစဉ်နဲ့ ပတ်သက်ပြီး လှည်းကူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြည်သူ့လွှတ်တော်မှာ မေးမြန်းခဲ့တာကို ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က ပြန်လည်ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် အာဇာနည်နေ့တုန်းကလည်း စစ်အစိုးရလက်ထက်က ကျင်းပခွင့်မပေးခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွေကို ပြောင်းလဲလာတဲ့ အစိုးရသစ်လက်ထက်မှာ လွပ်လွပ်လပ်လပ် ကျင်းပခွင့်ပေးခဲ့ပြီး အာဇာနည်ဗိမာန်ကိုလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီဝင်တွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ ဝင်ရောက်ဂါဝရပြုခွင့် ရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။