ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အဝတ်စ နှာခေါင်းစည်းတွေ လှူဒါန်းနေ

သန့်ဇင်ဦး
2020.05.05

Mask for Myanmar ဆိုတဲ့ ပရဟိတအဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ် မကူးစက်ရေး လူတိုင်း နှာခေါင်းစည်းတပ်နိုင်ဖို့ အတွက် အဝတ်ချည်ပိတ်စနဲ့ နှာခေါင်းစည်းတွေ ချုပ်လုပ်ပြီး လှူဒါန်းနေပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လှူဒါန်းနိုင်ရေးကြိုးပမ်းနေတဲ့အတွက် ပိတ်စအလှူရှင်တွေနဲ့ ကူညီချုပ်ပေးနိုင်မယ့် သူတွေလည်း လိုအပ်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတွေ့ပြီး နှာခေါင်းစည်းတွေ အဆမတန် ဈေးကြီးသွားတဲ့အချိန်မှာ လူတိုင်း နှာခေါင်းစည်းတပ်နိုင်ဖို့် ပြန်လျှော်ဖွတ်လို့ရတဲ့ နှာခေါင်းစည်းတွေချုပ်ပြီး လှူဒါန်းမယ်ဆိုပြီး Mask for Myanmar ဆိုတဲ့လှုပ်ရှားမှုကို ရန်ကုန်အခြေစိုက် ပရဟိတ စိတ်ဝင်စားသူတွေက စတင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာကို မတ်လ ၂၃ ရက်နေ့မှာ စတွေ့ခဲ့တာဖြစ်ပြီး အဲအချိန်ကဆို ငါးဆယ်ကျပ်ပဲရှိတဲ့ နှာခေါင်းစည်းတစ်ခုကို တစ်ထောင်ဝန်းကျင်အထိ ဈေးတက်ခဲ့တာပါ။

ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနက အဝတ်ပိတ်စနဲ့ချုပ်တဲ့ နှာခေါင်းစည်းတွေ သုံးလို့ရတယ်လို့ ကြေညာတဲ့ အချိန်မှာတော့ လူတိုင်းအသုံးပြုနိုင်ဖို့ ဒီလိုချုပ်ပြီးလှူဒါန်းမှုကို စတင်ခဲ့တာဖြစ်တယ်လို့ Mask for Myanmar အဖွဲ့ဝင် မ၀၀တင်က RFA ကို ပြောပါတယ်။

အဓိကအနေနဲ့ ချည်သားရာခိုင်နှုန်းများတဲ့ ပိတ်စနဲ့ လီနင်သားစတဲ့ ပိတ်စတွေနဲ့ ဒီဇိုင်းစွဲ စနစ်တကျ ချုပ်လုပ် နေတာဖြစ်ပြီး လိုအပ်တဲ့ ပိတ်စတွေနဲ့ ပိတ်စဝယ်ဖို့ အလှူငွေအပြင် လုပ်အားလှူမယ့်သူတွေကိုလည်း အလှူ ခံတယ်လို့ မ၀၀တင်က ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်လျှော်ဖွတ်လို့ရပြီး အဝတ်ပိတ်စနဲ့ချုပ်တဲ့ နှာခေါင်းစည်းကို သူကိုယ်တိုင်ချုပ်ခဲ့သလို သူကိုယ်တိုင်လည်း ဝတ်ဆင်ပြထားပါတယ်။

အားတဲ့အချိန် ကိုယ်နိုင်သလောက်လေး ဝိုင်းကူပြီး ချုပ်ပေးနေတာဖြစ်ပြီး အခုရေ သုံးရာနီးပါးလောက်အထိ ချုပ်လုပ် လှူဒါန်းပေးထားတယ်လို့ ဒီအထဲမှာ ပါဝင်ကူညီပေးနေတဲ့ ဒေါ်မြမြရင်ကပြောပါတယ်။

Mask for Myanmar အဖွဲ့ကို ဦးဆောင်လုပ်နေတဲ့သူတွေကလည်း အခုနောက်ပိုင်းမှာ ပိတ်စတွေကို ဒီဇိုင်းစွဲထားတဲ့အတိုင်း ဖြတ်ပီးပို့ပေးတဲ့အတွက် အခုရေ ပိုချုပ်နိုင်တယ်လို့လည်း ဒေါ်မြမြရင်ကဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါ ဒါမှမဟုတ် တစ်ရှူးစနဲ့ ပိတ်ပြီး လုပ်ဆောင်ဖို့ ညွှန်ကြားထားတဲ့အတွက် ချည်သားနဲ့ချုပ်တဲ့ နှာခေါင်းစည်းတွေလည်း အထိုက်အလျောက်တော့ ကာကွယ်မှာပဲဆိုပြီး စတင်စဉ်စားခဲ့ကြတာဖြစ်တယ်လို့လည်း အဖွဲ့ဝင်တွေက ဆိုပါတယ်။

နှာခေါင်းစည်း တပ်ထားခြင်းအားဖြင့် ကိုယ့်ဆီက အမှုန်အမွှားတွေ သူများဆီကို မရောက်နိုင်တဲ့အတွက် နှာခေါင်းစည်းတပ်တာ ကောင်းတယ်လို့ မန္တလေးဆေးရုံရဲ့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး တွဲဘက်ပါမောက္ခ ဒေါက်တာ မိုးသီတာလင်းက RFA ကို ပြောပါတယ်။

ဒေါက်တာ မိုးသီတာလင်းဟာ နှာခေါင်းစည်းတပ်ဖို့ ပညာပေးရင်း အဝတ်ပိတ်နဲ့ စနစ်တကျချုပ်တဲ့ နှာခေါင်း စည်းတွေကို စတင်လှူဒါန်းနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှူဒါန်းနိုင်ရေး Mask for Myanmar အဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နှာခေါင်စည်းတွေ ဈေးတင်ရောင်းရင် အရေးယူမယ်လို့ပြောထားသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ဈေးတင်ရောင်းတာတွေ့ရင် ဖမ်းဆီးအရေးယူမယ်လို့ ကြေညာထားပြီး နောက်ပိုင်း ဈေးအနည်းငယ်သာ ပြန်ကျခဲ့ပေမယ့် နှာခေါင်းစည်း လိုအပ်ချက်တွေ ရှိနေဆဲပါ။

ပြည်သူတွေရဲ့ နှာခေါင်းစည်းလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ လက်ရှိ Mask for Myanmar အဖွဲ့မှာ စက်ချုပ်ပြီးကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း အယောက် ၅၀ လောက်ရှိပြီး တစ်ပတ်ကို နှာခေါင်းစည်း အခုရေ ၁၅၀၀ လောက်လှူဒါန်းနိုင်သလို  အဖွဲ့စတင်ပြီးကတည်းက ဒီနေ့အချိန်အထိ ချုပ်လုပ်လှူဒါန်းထားတာ အခုရေ တစ်သောင်းနီးနီးပါးရှိပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။