ဖိနပ်စက်ရုံအလုပ်သမား ၇၅၀ ကျော်ကို နစ်နာကြေးပေးဖို့ ဆုံးဖြတ်


2014.08.19
master-sports-march-305 လုပ်ခလစာနဲ့ နစ်နာကြေးပေးဖို့အတွက် Master Sports ဖိနပ်စက်ရုံ အလုပ်သမား ၈၀၀ ကျော်ဟာ ဇူလိုင်လ ၁၇ ရက်နေ့က လှိုင်သာယာ စက်မှုဇုန်ကနေ ကိုရီးယားသံရုံးရှေ့ အထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုစဉ်
Photo: Sann Maw Aung/RFA

နစ်နာကြေးမပေးဘဲ စက်ရုံပိတ်သိမ်းခဲ့တဲ့ Master Sports ဖိနပ်စက်ရုံက အလုပ်သမား ၇၅၇ ဦးကို လုပ်သက်အလိုက် လုပ်ခလစာ ၁ လစာကနေ ၆ လစာအထိ နစ်နာကြေးပေးဖို့ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိကောင်စီက ဒီနေ့ ဆုံးဖြတ်ပေးခဲ့ပါတယ်။

အလုပ်ရှင် ကိုရီးယားနိုင်ငံသားအနေနဲ့ နစ်နာကြေး မပေး ရင် စက်ရုံက စက်ပစ္စည်းတွေရောင်းချပြီး အလုပ်သမားတွေကို နစ်နာကြေးခွဲဝေပေးဖို့ ဆုံးဖြတ်ပေးခဲ့တယ်လို့ Master Sports ဖိနပ်စက်ရုံ အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင် က ပြောပါတယ်။

"၃ လအောက်က နစ်နာကြေး ၁ လစာပဲ၊ ၃ လအထက် ၁ နှစ်အောက်ကကျတော့ နို့တစ်ကြေး က ၁ လစာ၊ အလုပ်ပိတ် နစ်နာကြေးက ၁ လစာ ဆိုတော့ပေါင်း ၂ လစာ ရပါမယ်ခင်ဗျ၊ ၁ နှစ် အထက် ၃ နှစ်အောက်တွေကျတော့ နို့တစ်ကြေး က ၁ လစာ၊ နစ်နာကြေးက ၂ လစာ ပေါင်း ၃ လစာရပါမယ်၊ ၃ နှစ်အထက် ၅ နှစ်အောက်တွေ ကျတော့ နို့တစ်ကြေးက ၁ လစာ၊ နစ်နာကြေးက ၅ လစာ ပေါင်း ၆ လစာ ရမယ်ခင်ဗျာ၊ အလုပ်ရှင် ဘက်က မတက်နိုင်ဘူးခင်ဗျ၊ သို့သော် အလုပ်ပိတ်ရင် အလုပ်ပိတ်နစ်နာကြေး ပေးရမယ်ဆိုတာ ဥပဒေမှာပါရှိတဲ့အတိုင်းပဲ အမိန့်ချပေးတယ်၊ အလုပ်သမား စိစစ်ရေးဌာနမှတဆင့် တရားရုံးနဲ့ ဆက်သွယ်ပြီးတော့ လုပ်ငန်းရှင်နဲ့ ဆက်သွယ်ပြီးတော့ လုပ်ငန်းရှင်ကိုခေါ် မခေါ်င်ရင် စက်ပစ္စည်း သူတို့ပိုင်ဆိုင်မှှုကို ဝရမ်းထုတ်ရောင်းပြီး ကျနော်တို့ကို နစ်နာကြေးပေးမှာ"

ခုံသမာဓိကောင်စီက သတ်မှတ်ပေးလိုက်တဲ့ နစ်နာကြေးတွေကို ဒီနေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်း ပေးရမှာဖြစ် ပြီး ထုတ်ပေးမယ့်နေ့ကို အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတွေကို ဆက်သွယ်အကြောင်းကြားပေး မှာဖြစ်တယ် လို့ သိရပါတယ်။

Master Sports စက်ရုံလည်ပတ်တာ တစ်နှစ်ခွဲလောက်ရှိပြီဖြစ်ပြီး အလုပ်သမားတစ်ဦးကို  တစ်လလစာ ပျမ်းမျှ ကျပ် ၇ သောင်းကျော်ကနေ တစ်သိန်းကျော်အထိရကြတယ်လို့ သိရပါတယ်။

စက်ရုံကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ပိတ်သိမ်းခဲ့တာဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေဟာ နစ်နာကြေးပေးဖို့ ဇူလိုင်လ ၁၇ ရက်နေ့က လှိုင်သာယာစက်မှုဇုန်ကနေ ဗဟန်းမြို့နယ်မှာရှိတဲ့ ကိုရီးယားသံရုံးရှေ့ အထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။