ကိုရီးယား ဖိနပ်စက်ရုံ လုပ်သားတွေ လုပ်ခနဲ့ နစ်နာကြေးရရှိ
2014.10.17

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၃ မှာဖွင့်လှစ်ထားခဲ့တဲ့ ကိုရီးယားနိုင်ငံသားပိုင် Master Sports ဖိနပ်စက်ရုံကို ပိတ်လိုက်တဲ့အတွက် အလုပ် လက်မဲ့ဖြစ်သွားတဲ့အလုပ်သမားတွေကို ကျန်ရှိ လုပ်ခလစာနဲ့ နစ်နာကြေးတွေ ဒီကနေ့ပေးအပ်ခဲ့ ပါတယ်။
အခုရရှိတဲ့ လျှော်ကြေးငွေနဲ့ စားဝတ်နေရေးပြသနာ ကို ခေတ္တခဏပဲဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ အလုပ် လက်မဲ့ဖြစ်သွားခဲ့ရတဲ့ မိမိတို့ အလုပ်သမားတွေ အတွက် နစ်နာမှုတွေများပြားလှကြောင်း Master Sports ဖိနပ်စက်ရုံက အလုပ်သမားဟောင်း တစ်ဦးဖြစ်တဲ့ မစိုးယုမော်က ပြောပါတယ်။
"နစ်နာကြေးက ရေရှည်ရပ်တည်ဖို့ မပြောနဲ့ အခုအလုပ်နားနေတဲ့ ကာလအတွင်း မှာပေါ့နော် ဖြစ်နေတဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ တဒင်္ဂလေးပဲ အဆင်ပြေသွားတာပါ၊ အလုပ်ဝင်တဲ့ အခါမှာတော့ အခက်အခဲတော့ မပြောတတ် ဖူးပေါ့နော်၊ ဘက်လိုက်တဲ့အပေါ်မှာ ပြောချင်တာကတော့ မရှိလို့ပေါ့နော်၊ တစ်လလုပ်မှတစ်လ ကိုယ့်ရဲ့ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းဖို့အတွက်ကို အလုပ်ရှင်ကို အားကိုးပြီးလုပ်ကိုင်တဲ့ အလုပ်သမားတွေ အပေါ်မှာပေါ့နော်၊ အခုလိုမျိုးလုပ်သွားလိုက်တဲ့အတွက် ကျမတို့ အလုပ်သမားတွေအတွက် အရမ်းပဲနစ်နာတယ်၊ အဲ့ဒါကြောင့် နောက်ကို ဘယ်အလုပ်ရှင်မဆို အဲ့လိုမလုပ်ဖို့ကို ပြောချင်ပါတယ်"
စက်ရုံကိုပိတ်လိုက်တာကြောင့် အလုပ်လက်မဲ့ဖြစ်သွားတဲ့ Master Sport ဖိနပ်စက်ရုံ အလုပ်သမားဟောင်းတွေဟာ တစ်ဦးကို လုပ်ခလစာနဲ့ နစ်နာကြေးစုစုပေါင်း နှစ်သိန်းကျော်ကနေ ခြောက် သိန်းလောက်ထိ လျှော်ကြေးငွေအဖြစ် ရရှိခဲ့ကြပါတယ်။
အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကလည်း အခု အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေကို တခြားစက်ရုံတွေက အလုပ်ခန့်ထားပေးကြဖို့ ဒီနေ့ နစ်နာကြေးပေး အပ်ပွဲမှာ တက်ရောက်လာတဲ့ လုပ်ငန်းရှင်တွေကို ပြောကြားခဲ့ပါတယ်။
ကိုရီးယားနိုင်ငံသား လုပ်ငန်းရှင်က အရှုံးပေါ်လို့ဆိုပြီး အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က စက်ရုံပိတ်ပြီး ထွက်ပြေးသွားတာကြောင့် Master Sport ဖိနပ် စက်ရုံမှာကျန်ခဲ့တဲ့ ပစ္စည်းတွေကို အလုပ်သမားဝန်ကြီးဌာနက လေလံတင်ရောင်းချပြီး အလုပ်သမားတွေကို ဒီကနေ့ နစ်နာကြေးပေးခဲ့တာ ဖြစ် ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်တင်ပြထားတာ နားဆင်နိုင်ပါတယ်။