KIO ကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်းတက်သူ နှစ်ဆနီးပါးတိုးလာ
2023.06.26

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့က အထက်တန်း ကျောင်းတွေမှာ ၂၀၂၃ - ၂၀၂၄ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)လာတက်သူ အရင်နှစ်တွေကထက် နှစ်ဆနီးပါးတိုးလာတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
၂၀၁၁ ခုနှစ်က စစ်တပ်နဲ့ KIA အကြား တစ်ကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ကလေးတွေအတွက် ရည်ရွယ်ပြီး KIO က ၂ဝ၁၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာဆိုရင် အရင်က ပုံမှန်ကျောင်းသား ခုနစ်ရာလောက်သာ ရှိခဲ့တာပါ။
ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ကျောင်းသားနှစ်ထောင်ကျော်အထိ များလာသလို ဒီနှစ်မှာ ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) ပိုများလာတယ်လို့ လက်ထောက်ကျောင်းအုပ် ဆရာမဆိုင်းခေါန်က RFA ကိုပြောပါတယ်။
“ခါတိုင်း ပုံမှန်ဒီနယ်စပ်တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေပဲဆိုရင် တစ်ကျောင်းလုံးမှာက ခုနစ်ရာရှိတဲ့အထဲမှာ ဆယ်တန်းက နှစ်ရာကျော်ပဲရှိတယ်။ အာဏာသိမ်းပြီးနောက် ဆယ်တန်းမှာပဲ ငါးဆလောက်တိုးလာတယ်။ မနှစ်တုန်းကတော့ ဆယ်တန်းကျောင်းသား ခုနစ်ရာကျော်ရှိတယ်။ ဒီနှစ်က ၁၁၀၀ ကျော်ရှိလာတယ်။ ဆယ်တန်းကတော့ ထူးထူးခြားခြားတိုးလာတဲ့ စာရင်းပဲ ”
မြန်မာအစိုးရကျောင်းတွေမှာတော့ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်ဟာ သင်ရိုးဟောင်း နောက်ဆုံးဖြစ်ပေမယ့် KIO ကျောင်းတွေမှာတော့ အခုနှစ်မှ နောက်ဆုံးဖြစ်လို့ ကျောင်း နားထားသူတွေနဲ့ နှစ်ကျသမားတွေ ဒီနှစ် နောက်ဆုံးကြိုးစားဖို့ လာတက်တာကြောင့် များလာတာလို့ ဆိုပါတယ်။
လိုင်ဇာမြို့ပေါ်က အထက်တန်းကျောင်းမှာလည်း စစ်တပ်အာဏာမသိမ်းခင်က ကျောင်းသားတစ်ထောင်ခန့်သာ ရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ကျောင်းသား ၁၈၀၀ ကျော်အထိရှိလာပါတယ်။
ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်းမှာပဲ အယောက်တစ်ရာကျော်အထိ တိုးလာဖြစ်တယ်လို့ ဆိုပါတယ်။
လိုင်ဇာမြို့ကကျောင်းတွေမှာ နယ်စပ်တစ်လျှောက်က ကျောင်းသား၊ ကျောင်းသူတွေ၊ ကချင်ပြည်နယ်အနှံ့က ကျောင်းသားတွေအပြင် ရှမ်းမြောက်အပါအဝင် မြန်မာပြည် အလယ်ပိုင်းနဲ့အောက်ပိုင်းက လာတက်သူတွေပါ ရှိပါတယ်။
အဲဒီကျောင်းသားတွေထဲမှာ ကချင်လူမျိုးတွေသာမက ဗမာနဲ့ ရှမ်းလူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။