မတ္တရာမှာ လယ်သမားတွေနဲ့ အာဏာပိုင်တွေ ထိပ်တိုက်တွေ့


2014.07.18
farmer-prostet-305 လယ်ထွန်နေတဲ့ လယ်သမားများကို တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်း မတ္တရာမြို့နယ် တံငါရွာမှာ မြေသိမ်းခံ လယ်သမားတွေနဲ့ မြေသိမ်းထားတဲ့ အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေအကြား မြေယာကိစ္စနဲ့ ပတ်သက်လို့ ဒီနေ့နှစ်ဘက်ထိပ်တိုက် တွေ့ခဲ့ကြပါတယ်။

အဲဒီလယ်မြေတွေမှာ မူလတောင်သူတွေက ဝင်ရောက် ထွန်ယက်တာကို အဆင့်မြင့်သမပိုင်မြေ မကျူးကျော်ရ လို့ဌာနဆိုင်ရာကကြေညာပြီး တားမြစ်နေတာလို့ လယ်သမားဦးစိုးမင်းကပြောပါတယ်။

"ဒီမှာ ကျနော်တို့ တောင်သူတွေကလည်း လယ်ကြားထဲမှာခင်ဗျ၊ ရဲတွေကလည်း ဒီမှာပဲ အကုန်လုံး ထိပ်တိုက်ဆိုင်နေတယ်၊ ရဲတွေနဲ့ သူတို့အရပ်သားတွေက ၉ဝ ကျော်လောက် ပါတယ်ခင်ဗျ၊ ကျန်တာကတော့ မြို့နယ်မှူးပါတယ်ခင်ဗျ၊ အုပ်ချုပ်ရေးမှူးပါတယ်ခင်ဗျ၊ လာတားတဲ့အထဲမှာ၊ ကိုယ့်လယ်ကိုဆင်းလုပ်တာပေါ့ခင်ဗျာ၊ သူတို့က ၁၊ ၂ သမပိုင်မြေကို မကျူးကျော်ရဆိုပြီးလုပ်တယ်၊ ကျနော်တို့တောင်သူတွေက ဘိုးဘွားပိုင်မြေဆိုပြီးလုပ်တာ ကျနော်တို့ပြေစာနဲ့ပြပြီးတော့ ကျနော်တို့ကလည်း လုံးဝဖယ်မပေးဘူးပေါ့ခင်ဗျာ၊ အခုဟာက အဲလိုဖြစ်နေတယ်"

အသိမ်းခံထားရတဲ့လယ်မြေတွေက ဧက ၆၀၀ လောက်ရှိပြီး၊ အဲဒီမြေယာပြန်ရရေး ကြိုးပမ်းတဲ့အတွက် ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) တွေနဲ့တရားစွဲခံထားရတဲ့ လယ်သမား ၄ ယောက်ရှိသွားပြီလို့ပြောပါတယ်။ လယ်သမားတွေမှာ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်လာတဲ့ မြေယာလုပ်ပိုင်ခွင့် အထောက်အထားတွေရှိပေမဲ့ သမဝါယမက ၁၉၈၆ ခုနှစ်မှာစသိမ်းပြီး ပြင်ပလယ်သမားတွေကို သီးစားချထားခဲ့တာလို့ဆိုပါတယ်။

ဒီပြသနာကိုဖြေရှင်းပေးဖို့ သက်ဆိုင်ရာကို နှစ်ပေါင်းများစွာတင်ပြခဲ့သလို၊ အခုနောက်ပိုင်းမှာလည်း အဆင့်ဆင့်တင်ပြထားပေမဲ့ ဘယ်သူမှလာရောက်ဖြေရှင်းပေးတာ မရှိသေးဘူးလို့ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့တစ်ရာသီမှာ အဲဒီမြေထဲဝင်ပြီး မူလတောင်သူတွေက စပါးစိုက်ခဲ့သလို၊ ဒီနှစ်မှာလည်း စိုက်ပျိုးဖို့ကြိုးစားရာကနေ အခုလိုပြဿနာ ပေါ်ပေါက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။