မတူပီမှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်တွေ ပြန်ပြင်ဖို့ ခက်နေ
2023.05.18

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်ပြင်ဖို့အတွက် အကူအညီ တစ်စုံတစ်ရာမှ မရရှိသေးသလို စစ်ကောင်စီတပ်က မြို့အဝင်အထွက်ကို ပိတ်ပင်ထားတာကြောင့် အိမ်ပြန်လည် ပြုပြင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေပါ ဝယ်ယူလို့ မရဘူးလို့ မတူပီ ဒေသခံတွေက ပြောပါတယ်။
ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် အမိုးအကာတွေ ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး မတူပီမြို့ထဲ ဝင်လို့မရဘူး ဖြစ်နေတယ်လို့ မတူပီ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျနော်တို့ အိမ်သွပ်ပြားတွေ တော်တော်များများ ပါသွားတယ်။ အဲဒီ သွပ်ပြားတွေကို မြို့ပေါ်မှာ ဝယ်မှရတာ အခု မြို့ပေါ်က အဝင်အထွက် ပိတ်ထားတော့ အဆင်မပြေဘူး။ ဘာမှ ဝယ်လို့မရတာ"
မတ်လ ၁၄ ရက်နေ့က ချင်းပြည်နယ်မှာ တစ်နာရီ မိုင် ၅၀ မှ ၇၀ အထိ တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် မတူပီမြို့နယ်မှာ နေအိမ် ၈၈၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) က ထုတ်ပြန် ထားပါတယ်။
ချင်းပြည်နယ်မှာ မုန်တိုင်းကြောင့် မတူပီမြို့နယ်မှာ အိမ်ခြေ ၈၈၇၊ မင်းတပ်မြို့နယ်မှာ ၃၆၄၊ ပလက်ဝမြို့နယ်မှာ ၂၂၀၊ ကန်ပက်လက်မြို့နယ်မှာ ၁၁၂၊ ဟားခါးမြို့နယ်မှာ ၈၅၊ ဖလမ်းမြို့နယ်မှာ ၇၄၊ ထန်တလန်မြို့နယ်မှာ ၂၇၊ တီးတိန် မြို့နယ်မှာ ၅ လုံး စုစုပေါင်း နေအိမ် ၁၇၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ICNCC က မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည် ပြုပြင်ဖို့ အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ မိုးကာနဲ့ တာလပတ်တွေ၊ စပါးကျီ ပျက်စီး သွားတဲ့ဒေသတွေအတွက် ဆန်ရိက္ခာ၊ အခြေခံ စားသောက်ကုန်နဲ့ အခြေခံ အိမ်သုံးဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းကြောင့် ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးမှုတွေနဲ့ ကူညီကယ်ဆယ်ရေး ကိစ္စတွေကို ပိုမိုသိရှိနိုင်ဖို့ ချင်းပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ချင်းပြည်နယ်၊ တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါး မြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသများအဖြစ် စစ်ကောင်စီက ကြေညာထားပါတယ်။