မတူပီမြို့လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ ရှားပါး


2015.08.14
chin-road-cut-off-620.jpg ချင်းပြည်နယ်မြေပြိုမှုကြောင့် ပျက်ဆီးနေသော ကားလမ်းမတစ်နေရာကို တွေ့ရစဉ်
Photo: Chin World

ချင်းပြည်နယ် မင်းတပ်မြို့ကနေ မတူပီမြို့ကို သွားတဲ့ကားလမ်းမှာ မြေပြိုတဲ့ နေရာ ၆ ခု လောက် ရှိနေတာကြောင့် မတူပီမြို့က ဒုက္ခသည်တွေထံကို စားနပ်ရိက္ခာ ပို့ဆောင်ပေးဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။

မင်းတပ်မြို့မှာရောက်နေတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုဇော်ဝမ်းမောင် က မင်းတပ်ကနေ မတူပီကို ဆန်အိတ်တွေ ကားနဲ့ တင်ပို့ဖို့ အခက်ကြုံနေတယ်လို့ RFA ကိုပြောပါတယ်။

"မင်းတပ်နဲ့ မတူပီလမ်းကမကောင်းဘူးလေ၊ ၇၈ မိုင်ကနေပြီး ၉၅ မိုင်က လမ်းလျှောက်ရတယ်၊ တောင်တွေပြိုကျပြီး ကားလမ်းကိုမရှိတော့တာ၊ ၇၈ မိုင်ကနေပြီး ၉၅ မိုင် ကြားက ပြိုကျနေတာ ၄၊ ၅၊ ၆ နေရာလောက်ရှိတယ်၊ ဖြတ် လမ်းဖြတ်လိုက်၊ ပြန်ဆင်း လိုက်၊ လမ်းလျှောက်ပြီးသွားရတယ်၊ ၉၅ မိုင်မှာ လမ်းလုံးဝမရှိဘူး၊ ၉၅ မိုင်က မတူပီ ထိတော့လမ်းရတယ်၊ လူတောင်မှမနည်းလျှောက်ရတော့ တင်ဖို့ဆိုတာအဆင်မပြေဘူး"

အခုလို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် မတူပီမြို့မှာ စားနပ်ရိက္ခာ ရှားပါးနေပြီး ရေဘေးကယ်ဆယ်ရေး စခန်းလည်း မရှိသလို အကူအညီတွေ လည်း မရောက်ဘူးလို့ ဆိုပါတယ်။

မတူပီမြို့မှာ မိုးကြီးပြီး မြေပြိုတာကြောင့် အိမ်ခြေ ၄ဝ နီးပါး ပြိုကျပျက်စီးသွားခဲ့ပြီး မနေ့ကအထိ မိုးရွာနေဆဲဖြစ်တဲ့ အတွက် မြေပြိုမှုတွေ ထပ်မံဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်အရ ချင်းပြည်နယ် မှာ ရေဘေးကြောင့် သေဆုံးသူ ၄ ဦးရှိပြီး လက်ရှိ ဒုက္ခသည် တစ်သောင်းကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။