မတူပီက စစ်ကောင်စီတပ်ရင်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ
2024.06.18

ချင်းပြည်နယ် မတူပီမြို့ရှိ စစ်ကောင်စီရဲ့ ခမရ (၃၀၄) တပ်ရင်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ ဇွန်လ ၁၈ ရက်နေ့က ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇွန်လ ၉ ရက်နေ့ကတည်းက မတူပီမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတွေ အားလုံးကို ချင်းညီနောင်အပါအဝင် မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ ချင်းညီနောင်တပ်ဖွဲ့တွေ၊ ရက္ခိုင့်တပ်တော် (AA) နဲ့ မကွေးတိုင်းအခြေစိုက် Yaw Army စတဲ့ မဟာမိတ်အဖွဲ့တွေပါဝင်ပြီး စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်းထုတ်ပြန်ပါတယ်။ နှစ်ဖက်ထိခိုက်သေဆုံးမှုကိုတော့ ထုတ်ပြန်တာမရှိပါဘူး။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က နှာရိန်၊ ဟားခါးမြို့နယ်က ဆူခွာ၊ ဖလမ်းမြို့နယ်က ဝေဘူလ၊ ရိဒ်ခေါဒါရ်နဲ့ မင်းတပ်မြို့နယ်က မကွီးအိမ်နူး၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ စတဲ့မြို့တွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကလည်း တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီရဲ့ လျှပ်စစ်ရုံးနဲ့ တာဝါတိုင်စခန်းကုန်းနှစ်ခုကို သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးပြီး ကိုးဦးဖမ်းမိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ချင်းတော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ထိခိုကျဆုံးသူတွေရှိတယ်လို့ ရေးသားထားပေမဲ့ ဘယ်နှစ်ယောက် ကျဆုံးခဲ့တယ်ဆိုတာ မဖော်ပြထားပါဘူး။
မတူပီနဲ့ တီးတိန်မြို့က စစ်ကောင်စီစခန်းတွေ သိမ်းဆည်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မတူပီမြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၄၀) နဲ့ အခြားစစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က နှာရိန်၊ ဟားခါးမြို့နယ်က ဆူခွာ၊ ဖလမ်းမြို့နယ်က ဝေဘူလ၊ ရိဒ်ခေါဒါရ်နဲ့ မင်းတပ်မြို့နယ်က မကွီးအိမ်နူး၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ စတဲ့မြို့တွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။