ရခိုင်ပြည်နယ်အရေး အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဝန်ကြီးချုပ်သစ် ကတိပြုပြောကြား
2014.07.01

ရခိုင်ပြည်နယ်ရဲ့အရေးကို နိုင်ငံရဲ့အရေးအကြီးဆုံး နံပါတ် (၁) ကိစ္စရပ်အဖြစ်ခံယူပြီး ရခိုင်ပြည် သူ ပြည်သားတွေရဲ့ အမျိုးသားအကျိုးစီးပွားအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဒီကနေ့ စတင်တာဝန်ထမ်းဆောင်တဲ့ ဦးမောင်မောင်အုန်းက RFA ကို ပြောပါတယ်။
"ရခိုင်ပြည်ဟာ နိုင်ငံတကာနဲ့လည်း မျက်နှာစာမှာ တိုက်ရိုက်ထိတွေ့နေတဲ့အခါကျတော့ လူမျိုးရေး၊ ဘာသာရေး ပါတဲ့အခါကျတော့ ကျနော်တို့ ဒီကိစ္စ ကတော့ နိုင်ငံတော်ရဲ့ နံပါတ် ၁ အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်၊ ဒီတော့ ကျနော်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ပြီဆိုရင်တော့ ၂ ပိုင်းတော့ စဉ်းစားထားပါတယ်၊ ၁ ပိုင်းကတော့ ဒီမှာဖြစ်ပေါ်နေ တဲ့ IDP များနဲ့ ပတ်သက်ပြီးတော့ အခုလုပ်နေတဲ့ verification နဲ့ နေရာချထားရေးကိုလည်း ကျနော်တို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ကျနော်တို့ပြည်နယ်အစိုးရနဲ့ တစ်ဖက်ကလုပ်သွားသလို တစ်ချိန်ထဲမှာပဲ ရခိုင်ဒေသ ကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ကျနော် တစ်ပြိုင်တည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"
နယ်စပ်ရေးရာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းဟာ အနားယူသွားတဲ့ ဦးလှမောင်တင်နေရာမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒီကနေ့ အတည်ပြု ခန့်အပ်ခံရတာ ဖြစ်ပါတယ်။
မိမိအနေနဲ့ ရခိုင်တိုင်းရင်းသားမဟုတ်ပေမဲ့ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ ဒေသခံတစ်ဦးလို ထဲထဲဝင်ဝင် သိရှိနားလည်ထားကြောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးမောင်မောင်အုန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ သီးသန့်ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။