မောင်တောမှာ နောက်ဆုံးကျန်တဲ့ နခခ (၅) တပ်စခန်းကို AA ထိုးစစ်ဆင်
2024.07.08
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) တပ်စခန်းနဲ့ အဲဒီစခန်းရဲ့ ကာကင်း စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၈ ရက်နေ့မှာ ပြောပါတယ်။
မောင်တောမြို့နယ် ပန်းတောပြင်၊ မောင်နီနဲ့ ရွှေဇားရွာတွေမှာရှိတဲ့ ကာကင်းစခန်းနေရာတွေနဲ့ မောင်တောမြို့ အမှတ် (၅) ရပ်ကွက်တွေမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ကတော့ နတ်မြစ်အတွင်း အထိုင်ချထားတဲ့ စစ်ရေယာဉ်ကနေ လက်နက်ကြီးပစ်ကူပေးနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
AA ကတော့ မောင်တောမြို့နယ် မောင်တော-ဘူးသီးတောင်ကားလမ်းက အမှတ်-၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၂) ကို ဇူလိုင်လ ၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ကျန်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ဇူလိုင်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
နခခ-၂ စခန်းသိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သားအလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်အများအပြားကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိခိုက်သေဆုံးမှုအရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီ၊ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီတပ်ကတော့ မောင်တောမြို့အတွင်းမှာ အခိုင်အမာတပ်စွဲထားတာကြောင့် မြို့အတွင်းထိ တိုက်ပွဲတွေပြင်းထန်လာမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်သားတွေနဲ့ သူတို့သင်တန်းပေးထားတဲ့ မွတ်စလင်လက်နက်ကိုင်တချို့က မြို့တွင်းက ဗလီကြီးအနီးမှာ နေရာယူထားတယ်။ မြို့တွင်းအခြေအနေကတော့ တိတ်ဆိတ်နေတယ်။ ဘယ်လိုတွေ ဖြစ်လာမယ်ဆိုတာ မသိဘူး။ သတိနဲ့ စောင့်ကြည့်နေရတယ်”
ဇူလိုင်လ ၆ ရက်နေ့ကတော့ မောင်တောမြို့အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို ဒေသခံတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။