မောင်တော ရွှေရင်အေးရွာက နေအိမ် ငါးဆယ်ခန့် မီးရှို့ခံရ
2024.05.09
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းက အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိတဲ့ ရွှေရင်အေးကျေးရွာက လူနေအိမ် ငါးဆယ်ခန့်ကို စစ်ကောင်စီတပ်နဲ့ သူတို့သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေက မေလ ၉ ရက် ဒီနေ့ မနက် ၄ နာရီခွဲ ဝန်းကျင်ခန့်က ဝင်ရောက်မီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတာကြောင့် အနီးမှာရှိတဲ့ ရက္ခိုင့်တပ်တော် (AA) စစ်ကြောင်းတစ်ခုက သွားရောက်စစ်ဆေးစဥ် အဲဒီ ကျေးရွာအနီး မိနစ်အနည်းငယ် နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြန်အလှန်ဖြစ်ပွားခဲ့တယ်လို့ အေအေ တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ကလည်း အဲဒီဝန်းကျင်မှာ အေအေ က စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ဖူးတယ်။ ဖြစ်ဖူးတယ်ဆိုတော့ ရွာသားတွေကလည်း မရှိကြဘူး။ သုံးလေးစုလောက်ပဲရှိတယ်။ အဲဒီရွာကို မွတ်စလင်တွေလည်း အဝင်အထွက် ရှိတယ်။ မွတ်စလင်တွေကို စစ်ကောင်စီတပ်က အဲဒီရွာမှာ အေအေ ရှိ မရှိကို စုံစမ်းဖို့ ခိုင်းတယ်။ အေအေ မရှိတာကို သိတာနဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ မွတ်စလင် လက်နက်ကိုင်အဖွဲ့နဲ့ ညောင်ချောင်းက မွတ်စလင်တွေကို မီးရှို့ဖို့ ခိုင်းတယ်။ စစ်ကောင်စီတပ်က နောက်က လိုက်ပေးတယ်”
အေအေ စစ်ကြောင်းတစ်ခုက လာရောက်စစ်ဆေးရာမှာ မီးရှို့ဖို့ အသုံးချစေခိုင်းခံရတဲ့ ညောင်ချောင်းကျေးရွာက ရိုဟင်ဂျာ လူငယ်တွေက ထွက်ပြေးသွားကြပြီးနောက် စစ်ကောင်စီတပ်နဲ့ မိနစ် ၃၀ ခန့်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် မောင်တောဒေသခံ အမျိုးသမီးတစ်ဦးကလည်း ရွှေရင်အေးကျေးရွာ မီးရှို့ခံရတာ မှန်ပေမယ့် မီးရှို့ခဲ့ရတဲ့ နေအိမ်ပိုင်ရှင်တွေရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
“မီးရှို့ခံရတာဟုတ်တယ်။ မနက်ပိုင်း လေးနာရီ၊ ငါးနာရီလောက်ရှိတယ်။ မွတ်စလင်တွေနဲ့ စစ်သားတွေက လုပ်တာ”
ရွှေရင်အေးကျေးရွာကို ဝင်ရောက်မီးရှို့ဖို့အတွက် ရိုဟင်ဂျာလူငယ်တွေကို အသုံးချခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအခြအနေကို အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ နေ့လယ်ပိုင်းမှာ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မေလ ၆ ရက်နေ့ကလည် မောင်တောမြို့ သုံးမိုင်ခွဆုံအနီးက ဝေသာလီရွာကို စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ ဝင်ရောက်မီးရှို့ခဲ့သလို အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကိုပါ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။