မောင်းမကန်ကမ်းခြေ အနီး မြေကွက်ရိုက်ရောင်းချ မှု ဒေသခံတွေ ဆန္ဒပြကန့်ကွက်
2015.12.16

Photo: photoblog.com
တနသာၤရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်က မောင်းမကန်ကမ်းခြေအနီးမှာရှိတဲ့ မြေလွတ်မြေ ရိုင်းတွေကို ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ DDPC က မြေကွက်ရိုက်ပြီး ရောင်းချနေတာကို ဒေသခံ ၃၀၀ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
DDPC ကုမ္ပဏီက မြေလွတ်မြေရိုင်း ဧက ၂၅၀ ကျော်ကို လုပ်ပိုင်ခွင့်မရဘဲ မြေကွက်ရိုက်ပြီး ရောင်းချနေ တာ ဖြစ်တယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ မောင်းမကန်ကျေးရွာသား ကိုနိုင်နိုင်ဝင်းက ပြောပါတယ်။
"ဒေသခံတွေက အကြိမ်ကြိမ်လက်မှတ်ထိုးပြီး ကန့်ကွက်ထားတာများကြီးရှိတယ်၊ ကန့်ကွက်ထားတာလည်း အပိုပဲ၊ ၂၅၄ ဧက လုပ်ပိုင်ခွင့်မရဘဲ အဲ့အကွက်တွေ ရောင်းနေတာပေါ့နော်"
အဲဒီမြေလွတ်မြေရိုင်းတွေမှာ မောင်းမကန်ရွာခံတွေက အုန်းခြံ၊ ရာဘာခြံနဲ့ သီဟိုဠ်ခြံတွေ စိုက်ပျိုးလုပ်ကိုင်နေ တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆန္ဒပြသူတွေဟာ မောင်းမကန်ကမ်းခြေအနီးမှာရှိတဲ့ DDPC ကုမ္ပဏီရှေ့မှာ တရားဝင်မြေယာ လုပ်ပိုင်ခွင့်ရရှိဖို့၊ ဒေသအတွက် အကျိုးမပြုတဲ့ ကုမ္ပဏီတွေကို အလိုမရှိကြောင်း စာသားပါ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။