မောင်တောမှာ အကြမ်းဖက်မှု ဖြစ်နိုင်တယ် ဆိုတဲ့ သတင်းကြောင့် တိမ်းရှောင်မှုတချို့ရှိ


2018.08.22
maungtaw-622 မောင်တောမြို့ အဝင်ဝကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ ဒေသခံတချို့ဟာ မြို့ပေါ်နဲ့ နီးစပ်ရာကျေးရွာတွေ ကို တိမ်းရှောင်မှုတွေရှိနေတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်မဖြစ်ဆိုတာ မပြောနိုင်ပေမယ့် သတင်းတွေကတော့ ထွက်ပေါ်နေတယ်လို့ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာမှာနေထိုင်တဲ့ ဦးမောင်ဆန်းဝင်းက ပြောပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ မင်္ဂလာညွန့်၊ တမန်းသား၊ မင်းခမောင်းစတဲ့ ကျေးရွာတွေက ဒေသခံတချို့ ဟာ စိုးရိမ်မှုတွေရှိပြီး အခုရက်ပိုင်းအတွင်း လုံခြုံရေးအားကောင်းတဲ့ တခြားကျေးရွာတွေကို တိမ်းရှောင်နေကြတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လောင်းဒုံကျေးရွာက ဆရာ၊ ဆရာမတွေဟာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက တာဝန်ကျ ကျေးရွာ ကနေ ထွက်ခွာသွားကြပြီး ငါးခူရနဲ့ တောင်ပြိုကျေးရွာတွေမှာလည်း ဆရာဆရာမတွေနဲ့ ဒေသခံတချို့ မြို့ပေါ်ကို လာရောက်နေတာတွေရှိတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်းထွန်းလှကတော့ အခုလို သတင်းတွေ ထွက်ပေါ် နေတာနဲ့ပတ်သက်ပြီး ဆရာ၊ ဆရာမတွေကို တစ်စုံတစ်ရာ ညွှန်ကြားထားတာ မရှိဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာနိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော အပြင် မြို့နယ်တချို့မှာ ရဲတပ်ဖွဲ့နဲ့ တပ် တို့ပူးပေါင်းပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက် နေတယ်လို့လည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောဆိုထားတာရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။