မောင်တောမြို့မှာ ပစ်ခတ်မှုဖြစ်
2017.08.26

ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစွန်းရောက် အကြမ်းဖက် သမားတွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မောင်တောမြို့ မြို့သူကြီးရပ်ကွက်နဲ့ ရပ်ကွက် ၅ တို့မှာ လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
"ဒီနေ့မှာတော့ မြို့သူကြီးဘက်မှာ ဖြတ်သွားတဲ့ တပ်အဖွဲ့ကို မိုင်းဆွဲ၊ မိုင်းထောင်ပြီးတော့ မိုင်းကို ရှင်းတဲ့ အချိန်မှာ အောက်ကနေပြီးတော့ သေနတ်နဲ့ပစ်လို့ ပစ်ခတ်မှုလေးတွေတော့ ဖြစ်ပါတယ်။ ၁၁ နာရီလောက် က အလိုတော်ပြည့် ဘုန်းကြီးကျောင်း အနောက်ဘက်ကပ်လျက် ရပ်ကွက် ၅ ထဲကနေပြီးတော့ သေနတ်နဲ့ လှမ်းပစ်တယ်။ ရဲကင်းကို။ ပစ်တော့ ရဲကင်းက တစ်ခါပြန်ပြီးတော့ပစ်တယ်။ ပစ်ခတ်မှုလေးတွေတော့ ရှိတယ်။ မြို့ထဲမှာကို ပစ်ခတ်မှုတွေ ဖြစ်လာတာမျိုးရှိတယ်"
ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ စာရင်းအတိအကျတော့ မသိရသေးဘူးလို့ ပြောပါတယ်။
မောင်တောမြို့နယ် ဝေသာလီနဲ့ ၃ မိုင်ကျေးရွာတွေမှာ ဒီနေ့မနက်က မိုင်းပေါက်ကွဲမှုတွေ ရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်လို့ ဝေသာလီကျေးရွာက ဒေသခံ ကိုဝင်းမောင်က ပြောပါတယ်။
"နယ်စပ်ရုံးတစ်ရုံးရှိတယ်။ ၃ မိုင်နားမှာလေ။ အဲ့ဒီအထဲမှာ ဟိန္ဒူအမျိုးသမီးတစ်ယောက်က ဘာလုပ်ဖို့ သွားတယ်လို့တော့ မသိဘူး။ အထဲမှာ မိုင်းတစ်လုံး ထပေါက်တယ်။ ဘင်္ဂါလီတွေ ထောင်ထားတာ။ ဟိန္ဒူအမျိုးသမီး တစ်ယောက်တော့ ဒဏ်ရာရတယ်။ အခုနက ကျနော်သွားကြည့်တော့ တွေ့ခဲ့တယ်။ လူတွေကတော့ ဟိုပြေးဒီပြေးရွာတွေမှာ မနေရဲကြဘူး။ အဲ့ဒီကလူတွေအကုန်လုံး လေးမိုင်မှာ စုနေကြတယ်"
မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ရဲကင်းစခန်း ၃၀ ကို မနေ့က မနက် ၁ နာရီလောက် ကစပြီး အကြမ်းဖက်သမားတွေက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ တပ်မတော်သား ၁ ဦးနဲ့ ဒုလဝကမှူး ၁ ဦး ကျဆုံးခဲ့ပြီး လက်နက် ၆ လက် ဆုံးရှုံးခဲ့ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက မနေ့က ညနေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်သမား ၇၇ ယောက်ရဲ့ အလောင်းကို ရရှိထားပြီး ၂ ယောက်ကို အရှင်ဖမ်းမိထားတယ် လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြာင့် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်တွေမှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။