ရခိုင်ပြည်နယ်အရေး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ကုလအတွင်းရေး မှူးချုပ် သတိပေး
2017.09.01

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ လူတွေ အမြောက်အများ သေကြေပျက်စီးရမယ့် အန္တရာယ်ကြီး လာနေတာကို သတိထားကြဖို့လိုနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတားရက်စ်က ပြောကြားလိုက်ပါတယ်။
အခုအခါ လူ ၄၀၀ လောက် သေနေပြီလို့ ကြားသိရတဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေကို ရှာဖွေ နှိမ်နင်းနေတဲ့ လုံခြုံရေးတပ်တွေအနေနဲ့ အင်အား အလွန်အကျွံသုံးနေတယ်ဆိုတဲ့ သတင်းကြောင့် အတွင်းရေးမှူးချုပ် က စိုးရိမ်စိတ်ပူနေကြောင်း အပြစ်မဲ့အရပ်သားတွေအပေါ် ခြေလွန်လက်လွန် မလုပ်မိအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်စေလိုကြောင်း သူရဲ့ပြောခွင့်ရှိသူအရာရှိက ပြောပါတယ်။
ဒီအတောအတွင်း တူရကီနိုင်ငံ ဝန်ကြီးချုပ် အာဒိုဂန်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ရာနဲ့ချီ သေစေခဲ့တဲ့ လုပ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။
အစ္စတန်ဘူလ် မြို့တော်မှာ ပြုလုပ်တဲ့ သူ့ပါတီရဲ့မွတ်စလင် အစ်ပွဲတော် အခမ်းအနားမှာ ဝန်ကြီးချုပ် အာဒိုဂန်က ဒီမိုကရေစီဆိုတဲ့ ခြုံလွှာအောက်မှာ ဒီလို အပြစ်မဲ့သူတွေကို မျိုးတုန်း သတ်ဖြတ်နေတာတွေကို မသိချင်ယောင်ဆောင်နေသူတွေဟာလဲ အပြစ်မလွတ်ဘူးလို့ ပြောသွားပါတယ်။