ARSA လူလက်နက်အင်အား စုစည်းနေတယ်လို့ သတင်းတွေထွက်ပေါ်
2017.09.17

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ASRA အစွန်းရောက် အကြမ်းဖက်သမားတွေ လူအင်အား လက်နက်အင်အားစုစည်းမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ရရှိထားတဲ့ သတင်းတွေကိုအတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က သတင်းစာတွေရေးသားချက်အရ သိရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။
"သတင်းကြားတယ်ဆိုတာက အဓိက ဘင်္ဂလားဒေ့ရှ်သတင်းစာတွေက ရေးတာတွေရှိတယ် လောလော ဆယ်တော့ အတည်ပြုဆဲပေါ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီသတင်းတွေကို အတည်ပြုနေကြပါတယ်"
မောင်တောဒေသမှာ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေကို တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နေပြီး လက်ရှိမှာ အကြမ်းဖက် သမားတွေနဲ့ နှစ်ဖက်ထိတွေ့မှု မရှိသေးဘူးလို့ သိရပါတယ်။
ASRA အစွန်းရောက် အကြမ်းဖက်သမားတွေက မောင်တော၊ ဘူးသီးတောင် ရသေ့တောင်ဒေသတွေ မှာ အောက်တိုဘာလ ၉ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်နားထားမယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
နယ်မြေအေးချမ်းမှုတွေရှိလာနေပြီဖြစ်တဲ့အတွက် မူလနေရပ်တွေမှာ ပြန်လည်နေထိုင်ကြဖို့ အစိုးရက ကြေညာ ထားပြီးနောက်ပိုင်း မူလနေရပ်ကို ပြန်လိုကြောင်း ဒုက္ခသည်စုစုပေါင်းရဲ့ ၅၀ရာခိုင်နှုန်းလောက်က စာရင်းပေး ထားတယ်လို့ ပြောပါတယ်။ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင်မြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ သောင်းကျော် ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောထားပါတယ်။
နေရပ်ပြန်လိုသူတွေကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက နေရပ်ကို လိုက်လံပို့ဆောင်ပေးနေပြီး မောင်တော မြို့မှာ ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားသွား လာနေပြီဖြစ်တယ်လို့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။