နယ်ခြားစောင့်ရဲကွပ်ကဲမှှုဌာနချုပ် အပါအဝင် ရဲကင်းစခန်း ၃ ခု တိုက်ခိုက်ခံရ
2016.10.09

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်၊ ငခူရ နယ်ခြားစောင့်ရဲကင်း စခန်းနဲ့ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်း စတဲ့ စခန်း ၃ခုမှာ ဒီနေ့ မနက်က အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲတပ်ဖဲ့ွဝင် ၅ ဦးသေဆုံးပြီး လက်နက်ပေါင်း ၆၀ ကျော် သိမ်းယူခံလိုက်ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။
"အစိုးရအဖွဲ့အနေနဲ့ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာတော့ ရှိတာပေါ့၊ ပါသွားတဲ့လက်နက်ခဲယမ်းတွေ ပြန်လည်ရရှိဖို့အတွက်လေ၊ လက်နက်အားလုံး ၆ဝ ကျော်ကျော်လောက်ရှိတယ်၊ လက်နက်ကိုင်ထားတဲ့ ဘင်္ဂလီတွေ ကျီးကန်းပြင်စခန်းကိုဆိုရင် အယောက် ၉ဝ လောက် ဝင်ပြီးတော့ စီးနင်းသွားတာပေါ့၊ အဲဒီက လက်နက်တွေ ယူသွားတယ်၊ ရဲတပ်ဖွဲ့ဝင်တွေကို သတ်သွားတယ်၊ ကျီးကန်းပြင်မှာဆိုရင် တပ်သား ၅ ယောက် ကျဆုံးသွားတယ်"
တုတ်၊ ဓား၊ လက်နက်တွေကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေဟာ လူအင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။
သေဆုံးမှုနဲ့ လက်နက်ပါသွားတဲ့စာရင်းဟာ ကျီးကန်းပြင်အခြေစိုက် နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်နဲ့ ရဲကင်းစခန်းတိုက်ခိုက်ခံရတဲ့အခြေအနေတွေအရဖြစ်ပြီး ငခူရနဲ့ ကိုးတန်ကောက် ရဲကင်းစခန်းအခြေအနေကို ထုတ်ပြန်ပြောဆိုပေးနိုင်ခြင်းမရှိသေးဘူးလို့လည်း ပြောပါတယ်။
ရသေ့တောင်မြို့နယ် ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်း တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အကြမ်းဖက်သမား တစ်ဦးကို ဖမ်းဆီးရမိထားပြီး အကြမ်းဖက်သမားတစ်ဦးရဲ့အလောင်းကို တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားသူဟာ ရခိုင်ပြည်နယ်မှာ နေထိုင်သူလား၊ တခြားနေရာကနေ လာတာလားဆိုတာကို စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ဝန်ကြီးဦးမင်းအောင်က ပြောပါတယ်။
လတ်တလော မောင်တောမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်တွေနဲ့ လမ်းအချို့ကို ပိတ်ထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ လူ ၅ ဦးထက်ပိုပြီး စုဝေးတာတွေ မလုပ်ဖို့ နဲ့ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို တိုးမြှင့်ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် မောင်တောမြို့နယ် မောရဝတီ၊ သရေကုန်ဘောင်၊ ရွှေရင်အေး၊ ခရေမြိုင် စတဲ့ လူနည်းစုရခိုင်တိုင်းရင်း သားကျေးရွာတွေက မိသားစုအတော်များများ တခြားကျေးရွာတွေကို ပြောင်းရွှေ့နေကြောင်း မောင်တောမြို့ခံ တစ်ဦးက ပြောပါတယ်။