မောင်တောမှာ လုံခြုံရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ်
2016.11.12

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မျောတောင်ကျေးရွာနဲ့ ပွင့်ဖြူချောင်းကျေးရွာကြားမှာ ဒီကနေ့ မနက် ၆ နာရီလောက်က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သမားတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်သား တစ်ယောက် ကျဆုံးသွားတယ်လို့ မောင်တောမဲဆန္ဒနယ် အမှတ် ၂ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်း က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို ကူညီဖို့လာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကားကို အကြမ်းဖက်သမားတွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်က အရာရှိတစ်ယောက် ကျဆုံးသွားတယ်လို့ ဦးမောင်အုန်း က ပြောပါတယ်။
"အဲဒီဘက်မှာ အကြမ်းဖက်သမားတွေက လာတိုက်တော့ ဒီက ပစ်တယ်ပေါ့နော်။ နောက် ဒီက စစ်ကူသွားတော့ စစ်ကူကားကို သူတို့က ဖောက်ခွဲတယ်လို့ ကြားတယ်။ အဲဒီမှာ စစ်ဗိုလ်သေဆုံးတယ်လို့ ကြားတယ်ဗျ"
ဒီနေ့မနက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အပြီးမှာ အကြမ်းဖက်သမားတွေဘက်က သေဆုံးသူ၂ ဦးရဲ့ ရုပ်အလောင်းနဲ့ သေနတ်တစ်လက် ရရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အစိုးရဘက်ကတော့ အတည်မပြုသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းတုန်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျီးကန်းပြင် နယ်ခြားစောင့် ရဲစခန်းဌာနချုပ်နဲ့ ရဲစခန်းတွေကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေနဲ့ ကျည်ဆံတွေ လုယူသွားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အဲဒီဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ်ကြေညာပြီး နယ်မြေရှင်းလင်းရေး ပြု လုပ်ရာမှာ အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။