မောင်တောမြို့ပေါ်က ရပ်ကွက် နှစ်ခုမှာ မီးလောင်မှုဖြစ်
2017.10.06
မောင်တောမြို့ပေါ်က ရပ်ကွက်နှစ်ခုမှာ မနေ့က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မောင်တောဒေသခံဖြစ် တဲ့ မောင်တောမြို့ အရေးပေါ် ကူညီထောက်ပံ့ရေးအသင်းက ဦးမောင်ဝင်းသိန်း ကပြောပါတယ်။
မောင်တောမြို့နယ် အီတာလျာကျေးရွာအုပ်စု ရပ်ကွက်(၅) မှာ ညနေပိုင်းနဲ့ ဝိမလ ရပ်ကွက်(၃) မှာ ည ၉ နာရီဝန်းကျင်က မီးလောင်ကျွမ်းခဲ့ပြီး ဝိမလ (၃) ရပ်ကွက်မှာ အိမ်ခြေ ဆယ်လုံးကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဦးမောင်ဝင်းသိန်းကပြောပါတယ်။
"ဝိမလရပ်ကွက် ၃ ကုလားရွာမှာပေါ့၊ မီးလောင်တဲ့ အနေအထားက ပထမဆုံး ရခိုင်နဲ့ ကပ်လျှက်နေတဲ့ အိမ်က စလောင်တယ်၊ဟိုနေရာက ကွက်ကြား ကွက်ကြား သုံးလေးနေရာလောက် လောင်ပြီးတော့ ထပေါက်တယ်၊ အိမ်ကြီးတော့မဟုတ်ဘူး ၊အိမ်သေးသေးလေးတွေ၊ အိမ်ခြေက ခန့်မှန်းခြေက ၁၀ကျော်ကျော်လောက် လောင်သွားမယ်ထင်တယ်"
အီတာလျာ ကျေးရွာအုပ်စုက ရပ်ကွက် ၅ မှာဖြစ်ခဲ့တဲ့ မီးလောင်မှုကြောင့် ဆုံးရှုံးရတဲ့ အိမ်ခြေအရေအတွက်ကိုတော့ သီးခြားအတည်မပြုနိုင်ပါဘူး။
မီးလောင်တဲ့ ရပ်ကွက်တွေက ရခိုင်၊ မွတ်စလင်နဲ့ ဟိန္ဒူဘာသာဝင်တွေ ရောနှောနေထိုင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး ပြည်နယ်အစိုးရ၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။
မောင်တောမှာ အခုလို မီးလောင်တဲ့ဖြစ်စဉ်တွေ ခဏခဏဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေရှိနေပြီး ညတွေမှာ သတိဝီရိယထား နေထိုင်နေကြရတယ်လို့ ဦးမောင်ဝင်းသိန်း ကပြောပါတယ်။