ဘူးသီးတောင်နဲ့ မောင်တောကို စစ်ဆင်ရေးနယ်မြေ သတ်မှတ်


2016.10.14
theinswe-pemyint-rakhine-parties-620.jpg အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေနဲ့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် တို့ စစ်တွေမြို့ အခြေစိုက် နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ဆုံကြစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေကို အစိုးရက စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက် ပြီဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောတာဖြစ်ပါတယ်။

"ပြည်နယ်အစိုးရ ဝန်ကြီးအဖွဲ့ကနေပြီးတော့မှ အဲဒီ ဘူးသီးတောင်၊ မောင်တောနယ်မြေဆိုတာ စစ်ဆင်ရေး မြို့နယ်အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါတယ်၊ တရားဝင် သတ်မှတ်ထားပြီးဖြစ်ပါတယ် ဒါကြောင့်မို့လို့ တပ်မတော်ကလည်းပဲ စစ်ဆင်ရေးလုပ်ရတဲ့ အခြေအနေမှာ စစ်အစိုးရရဲ့ နည်းလမ်းများအတိုင်း ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ဒါ့အပြင် ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ တာဝန်ကျနေတဲ့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းတွေကိုလည်း လက်နက်တွေ ထုတ်ပေးထားတယ်လို့ ပြောပါတယ်။

အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RSO အဖွဲ့နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ရရှိထားတာကြောင့် အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းဟာ RSO အဖွဲ့အစည်းဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပေမယ့် အကြမ်းဖက် အဖွဲ့အမည် အတိအကျကို မကြာခင်မှာ အတည်ပြုထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ ကြိုတင်စီမံပြီးမှ ဒီဖြစ်စဉ်ကို ကျူးလွန်ခဲ့ကြ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မောင်တောမြို့နယ်အတွင်းမှာဖြစ်ပွာခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကိုစိုးရိမ်ရ တာကြောင့် မောင်တောမြို့နယ်အတွင်းက တိုင်းရင်းသားတွေ အတော်များများဟာ နေရပ်စွန့်ခွာထွက်ပြေးမှုတွေ ပိုမိုများပြားလာနေတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဘူးသီးတောင်မြို့ အထက ခွဲ(၁) စာသင်ကျောင်းမှာ ထွက်ပြေးတိမ်းရှောင်လာသူအရေအတွက်ဟာ ဒီနေ့ညနေ အထိ အိမ်ထောင်စု ၁၀၀ ကျော် လူဦးရေ ၅၀၀ ကျော်အထိရှိနေပြီး အခုရက်ပိုင်းတွေအတွင်း လူဦးရေထောင်နဲ့ချီပြီး ဘူးသီးတောင်သင်္ဘောဆိပ်ကနေတစ်ဆင့် အခြားဒေသတွေကို ထွက်ခွာမှုတွေရှိနေတယ်လို့ ဘူးသီးတောင်မြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။