နယ်ခြားရဲတပ်ဖွဲ့တွေ တိုက်ခိုက် ခံရမှု သတင်းစာရှင်းလင်း
2016.10.09

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရဲစခန်းသုံးခုကို အောက်တိုဘာလ ၉ ရက် ဒီနေ့မနက်က အကြမ်းဖက် စီးနင်းခံရမှုမှာ အကြမ်းဖက် တိုက်ခိုက်သူ ၈ ဦးကို အသေရမိပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံး၊ ၅ ဦးဒဏ်ရာရ ကာ ၁ ဦးပျောက်ဆုံးနေကြောင်းနဲ့ ရဲတပ်ဖွဲ့ဘက်က လက်နက်မျိုးစုံ ၅၁ ပါသွားပြီး ကျည်ဆံမျိုးစုံ တစ်သောင်းကျော် ပျောက် ဆုံးခဲ့တယ်လို့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောတာဖြစ်ပါတယ်။
အမှတ် ၁ နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် ကျီးကန်းပြင် တိုက်ခိုက်ခံရမှာ ရဲတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ လက်နက်ငယ် ၂ လက်၊ ကျဉ် ၃၆ဝ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံးဆုံးရှုံးခဲ့ပါတယ်။
ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲကင်းစခန်း တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး အရာရှိ တစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရပြီး လက်နက် ၂ လက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ငါးခူရနယ်မြေရဲစခန်းကို တိုက်ခိုက်ခံရတာမှာတော့ အရာရှိတစ်ဦးနဲ့ တပ်သား ၁ ဦး ၂ ဦးကျဆုံးပြီး အခြားအဆင့် ၁ ဦးပျောက်ဆုံးကာ စက်တစ်လုံးဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
ရဲချုပ်ဇော်ဝင်းက ကျူးလွန်တဲ့သူတွေက ရိုဟင်ဂျာဆိုပြီးကြွေးကြော်ကြကြောင်း၊ ဖမ်းဆီးရမိသူ ၂ ဦးကို စစ်ဆေးပြီး လိုအပ်တဲ့အချိန်မှာ ဘယ်အဖွဲ့က ဆိုတာ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးနဲ့ ထိတွေ့ဆက်ဆံပြီးလိုအပ်ရင် အကူအညီတောင်းသွား မှာ ဖြစ်သလို နယ်ခြားစောင့်ရဲတပ်ဖွဲ့ချင်း သတင်းဖလှယ် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
သတင်းစာရှင်းလင်းပွဲကို ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။