နယ်စပ် လုံခြုံရေးစခန်း ၃ဝ ထပ်တိုး
2016.10.21

ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ ရခိုင်တိုင်းရင်းသားကျေးရွာတွေ လုံခြုံရေးအတွက် ကင်းစခန်း ၃၀ လောက် ထပ်တိုးတည်ဆောက်နေပြီး လုံခြုံရေးအင်အားလည်း တိုးမြှင့်ချထားသွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ပြောပါတယ်။
ထပ်တိုးမယ့် လုံခြုံရေးကင်းစခန်းတွေကို မနေ့ကစတင်ပြီး ဆောက်လုပ်နေပြီဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ က ပြောပါတယ်။
"ကင်းစခန်းက နောက်ထပ်အခု ၃၀ ထပ်တိုးပါတယ်။ နဂိုက ၉၆ ကင်းရှိပါတယ်။ နောက်ထပ် ၃၀ ဆိုတော့ ၁၂၆ ခုရှိမှာပေါ့။ မနေ့ကတည်းက စနေပါပြီ။ ကျွန်တော်တို့ စဆောက်နေပါပြီ။ နဂိုရှိပြီးသားဟာတွေကို ထပ်ဖြည့်တယ်။ မရှိသေးတဲ့နေရာတွေမှာ ကျွန်တော်တို့ ကင်းစခန်း ထပ်ဆောက်ပါတယ်။ အင်အားလည်း တိုးပါတယ်ခင်ဗျ"
ဒီလို လုံခြုံရေးကင်းစခန်းတွေ ထပ်တိုးတာဟာ အကြမ်းဖက်မှု ဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ချိန်မှာ လုံခြုံစေဖို့ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကပြောပါတယ်။
ဒါ့အပြင် စစ်တွေမြို့က နေရပ်ပြန်ချင်တဲ့ ဒုက္ခသည်တွေကိုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က နှစ်ပတ်စာ စားနပ်ရိက္ခာ ထောက်ပံ့ပေးပြီး ပြန်ပို့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အခုလ ၉ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသုံးခုကို ဝင်စီးပြီး လက်နက်တွေ လုယူသွားတဲ့ အကြမ်းဖက်သမားတွေနဲ့ တပ်မတော်၊ ရဲတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ အတွက် ဒေသခံ ၃၀၀၀ လောက်ဟာ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့တွေကို တိမ်းရှောင်နေကြရပါတယ်။